ဆန္ဒပြသူအဖြစ်ကနေ လက်နက်ကိုင် တိုက်ခိုက်ရေးသမားဖြစ်လာသည့် ဆယ်ကျော်သက် အီရန် အမျိုးသမီး

ဆန္ဒပြသူအဖြစ်ကနေ လက်နက်ကိုင် တိုက်ခိုက်ရေးသမားဖြစ်လာသည့် ဆယ်ကျော်သက် အီရန် အမျိုးသမီး
အောက်တိုဘာ 21, 2022 | နိုင်ငံတကာသတင်း
By Mr John

 အီရန်နိုင်ငံတွင် လနှင့်ချီကြာပြီဖြစ်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို လုံခြုံရေးတပ်ဖွဲ့များက ရက်ရက်စက်စက် ဖြိုခွင်းနေခဲ့ရာ ဆန္ဒပြရာတွင် တက်ကြစွာ ပါဝင်နေသည့် ဆယ်ကျော်သက်လူငယ်များ နယ်စပ်သို့ထွက်ပြေးပြီး လက်နက်ကိုင်တော်လှန်ရန် ရွေးချယ်လာခဲ့ကြကြောင်း CNN သတင်းက ဖော်ပြသည်။ 

လုံခြုံရေးအရ အမည်လွှဲထားသည့် Rezan ဟုခေါ်သည့် ဆယ်ကျော်သက် အမျိုးသမီးငယ်က တောင်တန်းထူထပ်သည့် နေရာနှင့် မိုင်းကွင်းများကို လူမှောင်ခိုသမားများနှင့်အတူ ဖြတ်သန်းပြီး အီရန်၏ လက်နက်ကိုင် တော်လှန်ရေးအစောင့်တပ်ဖွဲ့များကို ရှောင်ကွင်းလျက် နယ်စပ်သို့ (၃) ရက်ကြာ ခရီးရည်ကို စွန့်စားသွားရောက်ခဲ့သည်။

"အစောင့်တပ်ဖွဲ့ အရာရှိတစ်ယောက်က တွေ့သွားခဲ့ရင် ကျွန်မတို့ ချက်ချင်း သေလိမ့်မယ်ဆိုတာ ကျွန်မ သိပါတယ်" ဟု အသက် (၁၉) နှစ်အရွယ် အီရန်-ကာဒစ် တက်ကြွလှုပ်ရှားသူ Rezan က ပြောသည်။ 

သူမက အီရတ်နယ်စပ်သို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ထိုနေရာမှာ အီရန်၏ စစ်အင်အားအများဆုံး နေရာတစ်ခုလည်းဖြစ်ပြီး လူ့အခွင့်အရေးအုပ်စုများ၏ အဆိုအရ တရားမဝင်ဖြတ်ကျော်မှု သို့မဟုတ် ခွင့်ပြုမထားသည့် ကုန်ပစ္စည်းများ ခိုးသွင်းမှုကို တွေ့ရှိပါက ပစ်သတ်ခံရနိုင်ကြောင်း သိရသည်။

Rezan မှာ အီရန်အနောက်ပိုင်းရှိ သူမ၏ ဇာတိမြို့ Sanandaj မြို့မှ ထွက်ပြေးလာခဲ့ခြင်းဖြစ်ပြီး ထိုမြို့တွင် လုံခြုံရေးတပ်ဖွဲ့များက ဆန္ဒပြမှုများကို အပြင်းအထန် ဖြိုခွင်းနေခဲ့သည်။ 

ထိုမြို့တွင် ဆန္ဒပြသူများ ထင်သလို ဖမ်းဆီးထိန်းသိမ်းခံရပြီး အချို့ကို သူမ၏ရှေ့တွင် ပစ်သတ်ခဲ့သည်ကိုလည်း ကြုံခဲ့ရကြောင်း Rezan က ပြောသည်။ 

ဆန္ဒပြသူအများအပြားမှာ လမ်းပေါ်တွင် ရိုက်နှက်ခံကြရသည်ဟု ဆိုသည်။

ဆန္ဒပြမှုများ ဒုတိယပတ်အတွင်း ရောက်ရှိလာစဥ် လုံခြုံရေးတပ်ဖွဲ့များက Rezan ကို ဆံပင်ကနေ ဆွဲခေါ်ခဲ့ကြောင်း သိရသည်။ 

Rezan က သူမ၏ ဦးခေါင်းကို ပဝါဖြင့်ဖုံးအုပ်မထားခဲ့ဟု ဆိုသည်။ 

ထို့နောက် သူမကို လမ်းပေါ်တွင် တရွတ်တိုက် ဆွဲခေါ်ခဲ့ကြောင်းနှင့် သူမ၏ သူငယ်ချင်းများ အတင်းအဓမ္မ ဖမ်းဆီးခံရပြီး ကလေးငယ်များ ရိုက်နှက်ခံရသည်ကို မြင်ခဲ့ရကြောင်းလည်း Rezan က ပြောသည်။

"သူတို့က ကျွန်မရဲ့ဆံပင်ကို ဆွဲတယ်။ ကျွန်မကို ရိုက်တယ်။ ကျွန်မကို တရွတ်တိုက် ဆွဲခေါ်သွားတယ်။ တချိန်းတည်းမှာပဲ ကလေးတွေအပါအဝင် အခြား လူအများအပြားကိုလည်း ကျွန်မကို လုပ်သလိုပဲ လုပ်နေကြတာ မြင်နေရတယ်" ဟု Rezan က သူမ၏ အတွေ့အကြုံကို ဖွင့်ဟခဲ့သည်။ 

Rezan ၏ ဇာတိမြို့ Sanandaj မြို့မှာ တီဟီရန်မြို့တော်အပြင် အကြီးဆုံးဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည့်မြို့လည်း ဖြစ်သည်။

သူမအနေဖြင့် လူမှောင်ခိုသမားများနှင့်အတူ အီရတ်သို့သွားရောက်ရန် ရှည်ကြာပြီး အန္တရာယ်ကြီးသည့်ခရီးကို သွားရောက်ရန်ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ကြောင်း Rezan က ပြောသည်။ 

အီရန်မှထွက်ခွာရန် အနီးဆုံး တရားဝင်နယ်စပ်ဂိတ်မှာ (၃) နာရီကြာ ကားစီးပြီးရောက်ရှိနိုင်သော်လည်း ထိုနေရာတွင် သူမ အဖမ်းခံရနိုင်သည်ဟု ဆိုသည်။

 Sanandaj မြို့တွင် ဆက်နေခြင်းက သူမအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များလက်တွင် သေဆုံးနိုင်သည်ဟု Rezan က ဖွင့်ဟသည်။

"ဒီနေရာမှာ အမျိုသမီးတစ်ယောက်အဖြစ် နေထိုင်ဖို့ ကျွန်မရဲ့အခွင့်အရေးတွေရတယ်။ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် ကျွန်မ တိုက်ပွဲဝင်ချင်တယ်။ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ချင်တယ်" ဟု အီရတ်နိုင်င်ငံ မြောက်ပိုင်းတွင်ရောက်ရှိနေသည့် Rezan က CNN ကို ပြောသည်။ 

ယခုအစောပိုင်းတွင် အီရတ်သို့ရောက်ရှိခဲ့ပြီးနောက် သူမက နည်းလမ်းပြောင်းရန် ဆုံးဖြတ်ခဲ့သည်။

Rezan က ငြိမ်းချမ်းစွာ ဆန္ဒပြသူတစ်ဦး ဆက်မလုပ်တော့ဘဲ လက်နက်ကိုင်ဆောင်ရန် ဆုံးဖြတ်ခဲ့ပြီး အီရတ်နိုင်ငံ ကာဒစ်စတန်နယ်မြေ၏ arid တောင်ကြားတွင် ခြေကုပ်ယူတပ်စခန်းချထားသည့် အီရန်-ကာဒစ် စစ်သွေးကြွအဖွဲ့သို့ ဝင်ရောက်ရန် စာရင်းပေးသွင်းလိုက်သည်။ 

Rezan မှာ အီရန်အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် နိုင်ငံမှ ထွက်ပြေးလာခဲ့ကြသည့် အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူအများအပြားအနက်မှ တစ်ဦးဖြစ်သည်။

အီရန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဥ် အသက် (၂၂) နှစ်အရွယ် Masha Amini အမည်ရှိ အမျိုးသမီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ပြည်သူများကြား ဒေါသထွက်ခဲ့ကြသည်။ 

ထို့နောက် Amini နေထိုင်ရာ Saqez မြို့တွင် သူမ၏ဈာပန ပြုလုပ်ခဲ့သည့် စက်တင်ဘာလ (၁၇) ရက်နေ့မှစပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ပြီး အီရန်အာဏာပိုင်များက အပြင်းအထန် ဖြိုခွင်းနေခဲ့သည်။

Source: CNN

Photo: Alex Platt/CNN,