မျက်နှာကြက်မှ အပျက်အစီးများ ခေါင်းပေါ်ပြုတ်ကျမည်စိုး၍ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားရသည့် အိန္ဒိယအစိုးရ ဝန်ထမ်းများ

မျက်နှာကြက်မှ အပျက်အစီးများ ခေါင်းပေါ်ပြုတ်ကျမည်စိုး၍ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားရသည့် အိန္ဒိယအစိုးရ ဝန်ထမ်းများ
စက်တင်ဘာ 11, 2023 | နိုင်ငံတကာသတင်း
By Mr John

အိန္ဒိယနိုင်ငံ တီလန်ဂါနာပြည်နယ်ရှိ အိုမင်းဟောင်းနွမ်းနေသော  အဆောက်အအုံတစ်ခုတွင် အလုပ် လုပ်ကိုင်နေသည့် အစိုးရဝန်ထမ်းများက မျက်နှာကြက်မှ ကွန်ကရစ်အပိုင်းအစများ ၎င်းတို့၏ ခေါင်းပေါ်သို့ ပြုတ်ကျပြီး ဒဏ်ရာရမှုကနေ ကာကွယ်ရန် ဆိုင်ကယ်စီးဦးထုပ်များ ဆောင်းထားကြရသည်။ 

တီလန်ဂါနာပြည်နယ် Jagtial ခရိုင်၏ ဖွံ့ဖြိုးရေးရုံးမှ အမျိုးသားဝန်းထမ်းများက ဆိုင်ကယ်စီးဦးထုပ်များဆောင်းပြီး အလုပ်စားပွဲတွင် အလုပ် လုပ်နေကြသည့် ဗီဒီယိုတစ်ခု အိန္ဒိယဆိုရှယ်မီဒီယာတွင် ပျံ့နှံ့သွားခဲ့သည်။

အဆိုပါရုံးမှာ ခရိုင်ဖွံ့ဖြိုးရေးအတွက် ရွာသားများကို အင်တာနက်ဝန်ဆောင်မှုပေးခြင်းနှင့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးခြင်းတို့ကို တာဝန်ယူထားသော်လည်း ရုံးဝန်ထမ်းများ ယခုကဲ့သို့ ဆိုးရွားလှသော လုပ်ငန်းခွင်အခြေအနေတွင် အပျက်အစီးများ ခေါင်းပေါ်ပြုတ်ကျပြီး ဒဏ်ရာရမှုကနေ ကာကွယ်ရန် ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားရသည့် အဖြစ်က လူအများ ဝေဖန်ပြောဆိုစရာ ဖြစ်ခဲ့သည်။

ထိုရုံးမှ ဝန်ထမ်းတစ်ဦးမှာ မျက်နှာကြက်မှ ပြုတ်ကျလာသည့် ကွန်ကရစ်အပိုင်းအစ ဦးခေါင်းကို ထိမှန်ခံရမှုကြောင့် ဦးနှောက် ထိခိုက်ပျက်စီးလုနီးပါး ဖြစ်သွားခဲ့ပြီးနောက် ဝန်ထမ်းများက ပိုမိုဘေးကင်းလုံခြုံသည့် အဆောက်အအုံသို့ ရွှေ့ပြောင်းပေးရန် တောင်းဆိုထားကြကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။ 

News Nine ၏ အဆိုအရ Mandal Parishad Development Office ၏ ခေါင်မိုးမှာ ၂၀၂၂ ခုနှစ်ကတည်းက ရေယိုစိမ့်နေခဲ့ပြီး ယခုအခါ ပျက်စီးယိုယွင်းသော အခြေအနေ ဖြစ်နေကြောင်း သိရသည်။

အစိုဓာတ်ကြောင့် မျက်နှာကြက်မှ အပျက်အစီး အပိုင်းအစများ ပြုတ်ကျလာခြင်းဖြစ်ပြီး ဝန်ထမ်းများမှာ ကိုယ့်ကိုယ်ကိုယ် တစ်နည်းနည်းဖြင့် ကာကွယ်ကြရန်ကလွဲ၍  ရွေးချယ်စရာမရှိခဲ့ဟု ဆိုသည်။ 

Source: Daily Mail