COVID-19 ကြောင့် ကမ္ဘာတဝန်း လူ (၁၅) သန်းနီးပါး သေဆုံးခဲ့၊ တရားဝင်ထုတ်ပြန်ထားမှုထက် သုံးဆနီးပါး ပိုများကြောင်း WHO ပြော

COVID-19 ကြောင့် ကမ္ဘာတဝန်း လူ (၁၅) သန်းနီးပါး သေဆုံးခဲ့၊ တရားဝင်ထုတ်ပြန်ထားမှုထက် သုံးဆနီးပါး ပိုများကြောင်း WHO ပြော
By Mr John

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတဝန်း သေဆုံးသူအရေအတွက်မှာ အစိုးရများက တရားဝင် ထုတ်ပြန်ထားမှုထက် သုံးဆနီးပါး ပိုများကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ၏ အစီရင်ခံစာ အသစ်အရ သိရှိရသည်။

WHO ၏ အစီရင်ခံစာအသစ်မှာ ယခုအချိန်အထိ ကမ္ဘာတဝန်း ကပ်ရောဂါကြောင့် အမှန်တကယ် သေဆုံးမှုပမာဏကို အပြည့်စုံဆုံး လေ့လာဖော်ပြထားမှုလည်း ဖြစ်လာသည်။

၂၀၂၁ ခုနှစ်၏ နှစ်ကုန်အထိ ကမ္ဘာတဝန်း COIVD-19 နှင့် ဆက်စပ်သည့် သေဆုံးမှု (၁၄.၉) သန်းကျော်ရှိခဲ့ကြောင်း WHO က မေလ (၅) ရက်တွင် ပြောသည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အစိုးရများက တရားဝင် ထုတ်ပြန်ခဲ့သည့် COVID-19 နှင့် တိုက်ရိုက်ဆက်စပ်သည့် သေဆုံးမှုများနှင့် WHO ထံ သတင်းပို့ခဲ့သည့် စာရင်းများအရမူ ထိုကာလအတွင်း သေဆုံးမှုမှာ (၅.၄) သန်းကျော်ဖြစ်ကြောင်း သိရသည်။

WHO က ဖော်ပြသည့် သေဆုံးမှုကိန်းဂဏန်းများမှာ COVID-19 ကြောင့် သေဆုံးသူများအပြင် ကပ်ရောဂါနှင့် သွယ်ဝိုက်ဆက်စပ်ပြီး သေဆုံးသူများလည်း ပါဝင်သည်။ 

ကပ်ရောဂါကူးစက်ဖြစ်ပွားမှု မြင့်တက်နေစဥ် ကျန်းမာရေးစောင့်ရှောက်မှုစနစ် မနိုင်မနင်းဖြစ်ရာမှ အခြား ရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှု မရရှိနိုင်ဘဲ သေဆုံးရမှုများကို WHO က ထည့်သွင်းတွက်ချက်ထားသည်ဟု ဆိုသည်။

WHO ၏ အစီရင်ခံစာတွင် ကပ်ရောဂါကာလအတွင်း ဥပမာအားဖြင့် lockdown သတ်မှတ်ထားစဥ် ယာဥ်မတော်တဆမှုအန္တရာယ် လျော့နည်သွားမှုကဲ့သို့ ရှောင်ရှားနိုင်ခဲ့သည့် သေဆုံးမှုများလည်း ဖော်ပြထားကြောင်း သိရသည်။

ပြည့်စုံသည့် စာရင်းအချက်အလက်မရှိသော နိုင်ငံများတွင် သေဆုံးမှုများကို မှတ်တမ်းမတင်နိုင်ခဲ့ရာ ကပ်ရောဂါကြောင့် သေဆုံးမှုအရေအတွက်မှာ တရားဝင်ထုတ်ပြန်ချက်ထက် များစွာပိုမိုသည်ဟု ဆိုထားပြီး ကပ်ရောဂါကာလ မတိုင်မီကပင် ကမ္ဘာတဝန်း သေဆုံးမှု (၁၀) ခုနက် (၆) ခုမှာ စာရင်းသွင်း မှတ်တမ်းတင်ခဲ့ခြင်းမရှိကြောင်း WHO က ထောက်ပြထားသည်။

WHO ၏ အစီရင်ခံစာအရ ယခုအချိန်အထိ COVID-19 ကပ်ရောဂါကြောင့် သေဆုံးမှုထက်ဝက်နီးပါးမှာ အိန္ဒိယတွင်ဖြစ်ကြောင်းလည်းနှင့် အိန္ဒိယတွင် ကပ်ရောဂါကြောင့် လူဦးရေ (၄.၇) သန်းကျော် သေဆုံးခဲ့ပြီး အဓိကအားဖြင့် ကူးစက်မှု အကြီးအကျယ်ဖြစ်ခဲ့သည့် ၂၀၂၁ ခုနှစ် မေလနှင့် ဇွန်လအတွင်း သေဆုံးမှုများဖြစ်ကြောင်း WHO က ပြောသည်။

သို့သော် အိန္ဒိယအစိုးရက ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း တရားဝင်ထုတ်ပြန်ခဲ့ရာတွင်မူ သေဆုံးသူ ၄၈၀,၀၀၀ ဖြစ်ပြီး WHO အစီအရင်ခံစာတွင် ဖော်ပြထားမှုထက် များစွာလျော့နည်းနေသည်။ 

WHO အစီရင်ခံစာက ဖော်ပြထားသည့် အိန္ဒိယတွင် ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ အစိုးရက တရားဝင်ထုတ်ပြန်ထားမှုထက် (၁၀) နီးပါး ပိုများနေသည်။

COVID-19 နှင့် အခြား ကမ္ဘာ့တဝန်းဖြစ်ပွားခဲ့သည့် ရောဂါများကို နှိုင်းယှဥ်ကြည့်ရာတွင် ၁၉၁၈ ခုနှစ်က စပိန်တုပ်ကွေးကပ်ရောဂါကြောင့် သေဆုံးသူ သန်း (၅၀) ဝန်းကျင်နှင့် ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း စတင်ဖြစ်ပွားခဲ့ချိန်မှ ယခုအထိ  HIV ကြောင့် သေဆုံးသူ (၃၆) သန်းရှိခဲ့ကြောင်း တွေ့ရသည်။

 

Source: CNN, Reuters