တာချီလိတ်မြို့၏ Covid-19 ကာလအတွင်း နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများ ပြန်ခွင့်မရသေး၍ အခက်အခဲ ဖြစ်နေ

တာချီလိတ်မြို့၏ Covid-19 ကာလအတွင်း နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများ ပြန်ခွင့်မရသေး၍ အခက်အခဲ ဖြစ်နေ
ဇူလိုင် 9, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့၏ Covid-19 ကာလအတွင်း နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများ မပြန်နိုင်ဘဲ အခက်အခဲ ဖြစ်နေ

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း လုပ်ငန်းများ ပိတ်ထားသည့်အတွက် နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသားများမှာ မယ်ဆိုင်ဘက်သို့ မပြန်နိုင်ဘဲ တာချီလိတ်မြို့တွင် ပိတ်မိနေပြီး နေရပ်ပြန်ရန်အတွက် အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

တာချီလိတ်မြို့ထဲမှာ Club နဲ့ KTV နေရာ အမျိုးမျိုးမှာ အလုပ် လုပ်နေတဲ့ ထိုင်းနိုင်ငံကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ကောင်မလေးတွေ အများကြီးရှိနေတယ်။ သံရုံးထောက်ခံစာတွေနဲ့ တရား၀င် ပြန်ဖို့အတွက် ထောက်ခံစာတွေလဲ ရထားတဲ့သူလည်းရှိနေတယ်။ မြန်မာဘက်က တာ၀န်ရှိသူတွေက ဆက်သွယ်လာခြင်း မရှိဘူးဖြစ်နေတယ်။ သူတို့အခက်ခဲတွေ ကြုံနေကြတယ်။ ကိုဗစ်ပိုးလဲ သွားမစစ်ရဲ နေရာအမျိုးမျိုးမှာ ခိုအောင်းနေကြတယ်။ အလုပ်လဲ မရှိကြတော့တချို့ စားစရာတောင် မရှိကြဘူး။ နေရပ်ပြန်ချင်နေကြတယ်။ ပြန်ချင်နေတဲ့သူ အနည်းဆုံး (၅၀)လောက်ရှိတယ်ဗျ။

ဟု ထိုင်းနိုင်ငံသားနှင့် နီးစပ်သည့် ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၈)ရက်နေ့က ပြောသည်။

တာချီလိတ်တွင် ပိတ်မိနေသည့် ထိုင်းနိုင်ငံသူ/သားများမှာ တာချီလိတ်သို့ မယ်ဆိုင်ချောင်းကနေ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာကြသူများဖြစ်ပြီး ၎င်းတို့ထံက ဒဏ်ငွေရရှိပြီးမှ ပြန်လွှတ်မည်ဟုလည်း သိရသည်။

ထိုင်းဘက်က လက်မခံတာ မဟုတ်ဘူး။ မြန်မာဘက်က မလွတ်သေးတာ။ သူတို့က ဒဏ်ငွေရိုက်ဦးမယ်လို့ ပြောတယ်။ တရားရုံးကို ပို့ပြီးတော့မှ ဒဏ်ငွေရိုက်ဖို့ စီစဉ်ဦးမယ်လို့ သိရတယ်။

ဟု ထိုင်းဘက် တာဝန်ရှိသူ တစ်ဦးက ဇူလိုင်လ(၉)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့သို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်ပြီး တာချီလိတ်မြို့ရှိ KTV,Club များတွင် အလုပ်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသူများမှာ လက်ရှိမှာ ဟိုတယ်နှင့် နေအိမ်အခန်းများတွင် စုပေါင်းနေထိုင်နေရသလို တရုတ်နိုင်ငံသား အများစုနေထိုင်သည့် ဟုန်ပန်းကွင်းတွင် ပိတ်မိနေရကြောင်းလည်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းကာလဖြစ်သည့် ၂၀၂၁ခုနှစ် ဇွန်လိုင်လ(၂၈)ရက်နေ့မှ ဇူလိုင်လ(၉)ရက်နေ့ ညပိုင်းအချိန်အထိ အတည်ပြုလူနာ (၂၄၇)ဦးအထိ ရှိနေကြောင်း သိရသည်။