ထိုင်းတွင်ရောက်နေသည့် သီရိလင်္ကာသမ္မတဟောင်းကို ဟိုတယ်ထဲမှမထွက်ရန် ရဲတပ်ဖွဲ့က အကြံပြုထား

သီရိလင်္ကာသမ္မတဟောင်း Gotabaya Rajapaksa   ဩဂုတ်လ (၁၁) ရက်ညနေပိုင်းက ဘန်ကောက်မြို့သို့  ရောက်ရှိစဉ်။ [ Reuters ]
သီရိလင်္ကာသမ္မတဟောင်း Gotabaya Rajapaksa ဩဂုတ်လ (၁၁) ရက်ညနေပိုင်းက ဘန်ကောက်မြို့သို့ ရောက်ရှိစဉ်။ [ Reuters ]
ထိုင်းတွင်ရောက်နေသည့် သီရိလင်္ကာသမ္မတဟောင်းကို ဟိုတယ်ထဲမှမထွက်ရန် ရဲတပ်ဖွဲ့က အကြံပြုထား
သြဂုတ် 13, 2022 | နိုင်ငံတကာသတင်း
By Mr John

နိုင်ငံမှထွက်ပြေးလာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိနေသည့်  သီရိလင်္ကာသမ္မတဟောင်း Gotabaya Rajapaksa ကို လုံခြုံရေးအရ ဟိုတယ်အပြင်မထွက်ရန် ထိုင်းရဲတပ်ဖွဲ့က အကြံပြုထားကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ခုက ဩဂုတ်လ (၁၂) ရက်နေ့တွင် ပြောသည်။ 

သမ္မတဟောင်း Gotabaya က အခြား (၃) ဦးနှင့်အတူ စင်ကာပူနိုင်ငံမှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်သို့ ဩဂုတ်လ (၁၁) ရက် ည (၈) နာရီဝန်းကျင်တွင် ရောက်ရှိလာခဲ့ကြောင်း Bangkok Post သတင်းက ဖော်ပြသည်။

လုံခြုံရေးသတင်းရင်းမြစ်၏ အဆိုအရ Gotabaya လိုက်ပါလာသည့် လေယာဥ်မှာ မူလက ဖူးခက်ကျွန်းတွင် ဆင်းသက်ရန်ဖြစ်သော်လည်း သတင်းအချက်အလက် ပေါက်ကြားနိုင်ခြေရှိမှုကြောင့် ဘန်ကောက်သို့ လမ်းကြောင်းလွှဲခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ 

ဒွန်မောင်းလေဆိပ်သို့ ဆိုက်ရောက်လာသည့် သီရိလင်္ကာသမ္မတဟောင်းနှင့် အခြား (၃) ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့် စစ်သားများက လုံခြုံရေးယူပေးခဲ့သည်ဟု ဆိုသည်။

Gotabaya ၏ လုံခြုံရေး စိတ်ချရစေရန် တည်နေရာမဖော်ပြသော ဟိုတယ်တွင် ထိုင်းရဲတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ခွဲမှ အရပ်ဝတ် ရဲအရာရှိများကို ဖြန့်ကျက်ထားကြောင်း သိရသည်။ 

ထိုင်းနိုင်ငံတွင် နေထိုင်စဥ်အတွင်း ဟိုတယ်ထဲ၌သာ နေထိုင်ရန် သီရိလင်္ကာသမ္မတဟောင်းကို တာဝန်ရှိသူများက အကြံပြုထားသည်။ 

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက Gotabaya ကို လူသားချင်းစာနာထောက်ထားမှုအရ ယာယီနေထိုင်ခွင့်ပြုခဲ့ကြောင်းနှင့် ထိုသို့ နေထိုင်စဥ်အတွင်း မထင်မရှားသာ နေထိုင်ရန် အကြံပြုသွားမည်ဟု ဩဂုတ်လ (၁၀) ရက်နေ့တွင် ပြောခဲ့သည်။

"ဒါက လူသားချင်းစာနာထောက်ထားမှု ကိစ္စတစ်ခုပါ။ ယာယီနေထိုင်မှုပဲဆိုတာ ကျွန်တို့ ကတိပြုထားပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခွင့်မပြုပါဘူး။ ဒီမှာနေထိုင်ခွင့်ပြုတာက သူအနေနဲ့ ခိုလှုံခွင့်ရဖို့ နိုင်ငံရှာဖွေရမှာ အကူအညီဖြစ်ပါလိမ့်မယ်" ဟု ပရာယွတ်က ပြောသည်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ၏ ပြောကြားမှုအရ သီရိလင်္ကာသမ္မတဟောင်း Gotabaya က သံတမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားဆဲဖြစ်ရာ ထိုင်းနိုင်ငံတွင် ရက် (၉၀) ကြာ နေထိုင်နိုင်ကြောင်း သိရသည်။

သီရိလင်္ကာတွင် အစိုးရဆန့်ကျင့်ရေးဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်ခဲ့ကာ သမ္မတနန်းတော် စီနင်းခံခဲ့ရပြီးနောက် Gotabaya က သီရိလင်္ကာမှ မော်လ်ဒိုက်နိုင်ငံသို့ ပထမဆုံး ထွက်ပြေးသွားခဲ့သည်။ 

ထို့နောက် ဇူလိုင်လ (၁၄) ရက်နေ့တွင် မော်လ်ဒိုက်မှ အရှေ့တောင်အာရှဒေသတွင်း စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။ 

Gotabaya မှာ သီရိလင်္ကာမှ ထွက်ပြေးလာခဲ့ပြီးနောက် လူမြင်ကွင်းတွေ ပျောက်ကွယ်နေခဲ့သလို မှတ်ချက်ပေး ပြောကြားမှုများလည်း မရှိခဲ့ပေ။

Gotabaya မှာ သီရိလင်္ကာတွင် ဩဇာကြီးမားသည့် Rajapaksa မိသားစုမှဖြစ်ပြီး သီရိလင်္ကာစစ်တပ်တွင် အမှုထမ်းခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။ 

၎င်း ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့စဥ်အတွင်း ၂၀၀၉ ခုနှစ်တွင် အစိုးရတပ်ဖွဲ့များက တမီလ်ကျားသူပုန်အဖွဲ့ (Tamil Tiger) ကို အနိုင်ယူခဲ့ပြီး သီရိလင်္ကာပြည်တွင်းစစ် အဆုံးသတ်သွားခဲ့သည်။

ယခုအခါ လူ့အခွင့်အရေးအုပ်စုအချို့က ထိုအချိန်ကာလအတွင်း Gotabaya ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် လိုလားနေကြသည်။ 

Gotabaya ကမူ ၎င်းအပေါ် စွပ်စွဲချက်များကို ယခင်က အခိုင်အမာ ငြင်းဆိုထားခဲ့သည်။ 

Gotabaya နှင့် ၎င်း၏မိသားစု၏ စီးပွားရေစီမံခန့်ခွဲမှု လွဲမှားခြင်းတို့ကြောင့် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးခဲ့ပြီးနောက် သီရိလင်္ကာတွင် အဆိုးဆုံး စီးပွားရေး၊ ဘဏ္ဍာရေး အကျပ်အတည်းကြုံခဲ့ရကြောင်း ဝေဖန်သူအချို့နှင့် ဆန္ဒပြသူများက စွပ်စွဲခဲ့ကြသည်။

Source: Bangkok Post