မိသားစုတစ်စုက မပေါက်ကွဲသေးသည့် အမြောက်ဆန်ကို ယူဆောင်လာမှုကြောင့် အစ္စရေးလေဆိပ်တွင် အလန့်တကြား ဖြစ်သွား

ပုံအညွှန်း - အမြောက်ဆံကြောင့် အလန့်တကြား ထွက်ပြေးကြသည့် ခရီးသည်များ
ပုံအညွှန်း - အမြောက်ဆံကြောင့် အလန့်တကြား ထွက်ပြေးကြသည့် ခရီးသည်များ
မိသားစုတစ်စုက မပေါက်ကွဲသေးသည့် အမြောက်ဆန်ကို ယူဆောင်လာမှုကြောင့် အစ္စရေးလေဆိပ်တွင် အလန့်တကြား ဖြစ်သွား
By Mr John

အမေရိကန်မိသားစုတစ်စုကြောင့် အစ္စရေးနိုင်ငံ၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဗုံးလန့်မှုဖြစ်ပြီး လူအများ ကြောက်လန့်တကြား ပြေးလွှားခဲ့ကြရသည်။

လုံခြုံရေး စစ်ဆေးသည့်နေရာတွင် ထိုမိသားစုထံမှ မပေါက်ကွဲသေးသည့် အမြောက်ဆန်တစ်ခု တွေ့ရှိခဲ့ရပြီးနောက် လေဆိပ်အတွင်း ဝရုန်းသုန်းကားဖြစ်ခဲ့ရပြီး ၎င်းတို့က အစ္စရေးက သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်ဒေသသို့ သွားရောက်လည်ပတ်စဥ် မပေါက်ကွဲသေးသည့် အမြောက်ဆန်တစ်ခုကို ကောက်ယူလာခဲ့ကြောင်း အာဏာပိုင်တွေက ပြောသည်။

ဂိုလန်ကုန်းမြင့်သည် အစ္စရေးနှင့် ဆီးရီးယားတို့ကြား စစ်ပွဲဖြစ်ပွားခဲ့သည့်နေရာလည်း ဖြစ်သည်။



ဆိုရှယ်မီဒီယာတွင် တွေ့ရသည့် ဗီဒီယိုမှတ်တမ်းအရ လေဆိပ်အတွင်းရှိနေသူများ ကြောက်လန့်တကြား ထွက်ပြေးနေကြတာ တွေ့ရသည်။

လုံခြုံရေးတာဝန်ရှိသူတွေကတော့ ထိုမိသားစုကို စစ်ဆေးမေးမြန်းပြီးနောက် သံသယဖြစ်စရာ မရှိသောကြောင့် လေယာဥ်ပေါ်သို့ တက်ခွင့်ပြုလိုက်ကြောင်း သိရသည်။

 ဂိုလန်ကုန်းမြင့်ဒေသ

၁၉၆၇ ခုနှစ်တွင် အစ္စရေးနှင့် ဆီးရီးယားတို့ (၆)ရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့စဥ် အစ္စရေးက ဆီးရီးယားထံမှ ဂိုလန်ကုန်းမြင့်ဒေသ၏ နေရာအများစုကို သိမ်းပိုက်ခဲ့ချိန်ကစပြီး စစ်ပွဲဖြစ်ပွားခဲ့သည့် ဂိုလန်ကုန်းမြင့်ဒေသတွင် စစ်လက်ကျန်ပစ္စည်းများကို ယခုအချိန်အထိ တွေ့နိုင်ဆဲဖြစ်သည်။

ဧပြီ (၂၈) ရက် ညပိုင်း အဆိုပါ လေဆိပ်ဖြစ်ရပ်တွင် အမေရိကန်မိသားစုမှ မိသားစုဝင်တစ်ဦးက ၎င်းတို့ ကောက်ယူလာခဲ့သော အမြောက်ဆန်ကို ကျောပိုအိတ်ထဲမှ ထုတ်ပြပြီး ခရီးဆောင်အိတ်ထဲတွင် ထည့်လို့ရနိုင်မလားဟု လုံခြုံရေးကို မေးမြန်းခဲ့သည်ဟု အစ္စရေးသတင်းဝက်ဘ်ဆိုက် YNet က ဖော်ပြသည်။



အမြောက်ဆန်ကို တွေ့ရှိရပြီးနောက် ၎င်း၏ အနီးအနားကို ချက်ချင်း ရှင်းလင်းရန် လုံခြုံရေးအရာရှိက ညွှန်ကြားလိုက်သည်။

သို့သော် နောက်ထပ် ခရီးသည်တစ်ဦးက နားကြားမှားပြီး အကြမ်းဖက်သမားတွေ ပစ်ခတ်မှုဟု အော်ဟစ်ခဲ့ရာမှ လေဆိပ်အတွင်း လူအများအပြား ကြောက်လန့်တကြား ဖြစ်ခဲ့ကြကြောင်း YNet က ပြောသည်။

အစ္စရေးသတင်းဌာန Kan က ပြသခဲ့သည့် ဗီဒီယိုမှတ်တမ်းတွင် ဒါဇင်နှင့်ချီသည့်လူများ လေဆိပ်ဆိုက်ရောက်ဧရိယာကနေ အော်ဟစ်ထွက်ပြေးကြပြီး အခြားလူများမှာ ကြမ်းပြင်ပေါ်တွင် ဝပ်နေသည်ကို တွေ့ရသည်။



အဆိုပါ ဝရုန်းသုန်းကားဖြစ်ရပ်အတွင်း အသက် (၃၂) နှစ်အရွယ် Uri အမည်ရှိ အမျိုးသားတစ်ဦးမှာ ကြောက်လန့်တကြား ထွက်ပြေးရန်ကြိုးပမ်းစဥ် ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။

"ကျွန်တော်က လေဆိပ်မှာ check-in ဝင်ဖို့ တန်းစီနေတာ တစ်နာရီလောက်ရှိပြီဗျ။ ရုတ်တရက် (၁၆) ပေပတ်လည်အတွင်းက လူတွေ ခရီးဆောင်အိတ်တွေထားပြီး ထွက်ပြေးကြတာပဲ" ဟု ၎င်းက YNet ကို ပြောသည်။



"တစ်ယောက်ယောက်က သေနတ်နဲ့ပစ်နေပြီဆိုပြီး ကြောက်လန့်ကုန်ကြတာ။ ကျွန်တော်လည်း ထွက်ပြေးမှဖြစ်မယ်ဆိုပြီး ပြေးတာပဲ။ အဲဒီမှာ ခရီးဆောင်အိတ်တွေ သယ်ဆောင်ပေးတဲ့ ရွေ့လျားစက်ခါးပတ်ပေါ် ကျွန်တော် လဲကျသွားပြီး ခြောက်မီတာလောက် လွင့်သွားခဲ့တယ်" ဟု ထိုအမျိုးသားက ၎င်း၏အဖြစ်ကို ပြောပြသည်။

လတ်တလော သီတင်းပတ်များအတွင်း နိုင်ငံတဝန်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးတွင် လုံခြုံရေးသတိပေးချက်ကို တိုးမြှင့်ထုတ်ပြန်ထားကြောင်း သိရသည်။



Source: BBC