ယခုနှစ် ထိုင်းသင်္ကြန်ပွဲတော်ကို အကြီးကျယ်ဆုံး ကျင်းပရန် ဘန်ကောက်တွင် ပြင်ဆင်နေ

ယခုနှစ် ထိုင်းသင်္ကြန်ပွဲတော်ကို အကြီးကျယ်ဆုံး ကျင်းပရန် ဘန်ကောက်တွင် ပြင်ဆင်နေ
By Mr John

ထိုင်းအစိုးရ၏ ထိုင်းနိုင်ငံ ပုံရိပ် နှင့် soft power (ပါဝါအပျော့) ကို မြှင့်တင်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၄ ခုနှစ် ဆုန်ကရန်ပွဲတော် (ထိုင်းသင်္ကြန်ပွဲတော်) ကို ယခင်ကထက် ပိုမိုကြီးကျယ်စွာ စီစဥ်ကျင်းပသွားရန် ဘန်ကောက်မြို့တွင် ပြင်ဆင်နေပြီ ဖြစ်သည်။

"အခုနှစ် ဘန်ကောက် သင်္ကြန်ပွဲတော်ကို အစိုးရရဲ့ ပါဝါအပျော့ မြှင့်တင်ရေး မူဝါဒနဲ့အညီ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ Tourism Authority of Thailand (TAT) အစီအစဥ်နဲ့ ကျင်းပသွားမှာပါ" ဟု ဘန်ကောက်အုပ်ချုပ်ရေးမှူး Chadchart Sittipunt က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် ပြောသည်။

သင်္ကြန်ပွဲတော်အတွက် ဘန်ကောက်မြို့တော်၏ ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြသည့် ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ Bangkok Metropolitan Administration (BMA) အမှုဆောင်များ အစည်းအဝေးအပြီးတွင် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

 ၂၀၂၄ ခုနှစ် ဘန်ကောက် သင်္ကြန်ပွဲတော်ကို ဧပြီလ (၁၀) ရက်နေ့မှ (၁၈) ရက်နေ့အထိ ကျင်းပသွားမည်ဟု သိရသည်။

Khao San လမ်းကို ဘန်ကောက်မြို့၏ အဓိက သင်္ကြန်ပွဲတော်နေရာအဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး Ratchadamnoen Klang လမ်းနှင့် Sanam Luang ပြည်သူ့ရင်ပြင်တို့နှင့် ဆက်စပ်ထားမည်ဟု ဆိုသည်။ ဘန်ကောက်မြို့တွင် "Maha Songkran World Water Festival 2024" မဟာသင်္ကြန်ပွဲတော် ကျင်းပရန် ထိုနေရာများကို TAT က ရွေးချယ်ထားကြောင်းလည်း အုပ်ချုပ်ရေးမှူးက Chadchart က ပြောသည်။

TAT က စီစဥ်သည့် "Maha Songkran World Water Festival 2024" မဟာသင်္ကြန်ပွဲတော်ကို ထိုင်းနိုင်ငံတဝန်းတွင် ဧပြီလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်သည်။ 

ထိုင်းအစိုးရအဖွဲ့ကလည်း TAT က စီစဥ်သည့် သင်္ကြန်ပွဲတော်အတွက် အစိုးရ၏ ဘတ်ဂျက် ထိုင်းဘတ်ငွေ (၁၀၄.၈၇) ဘီလီယံ ကျခံသုံးစွဲရန် အဆိုပြုမှုကို ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့တွင် အတည်ပြုခဲ့သည်။

၂၀၂၄ ခုနှစ် ထိုင်းသင်္ကြန်ပွဲတော်ကနေ ခရီးသွားလုပ်ငန်းနှင့် ဆက်နွယ်သော ဝင်ငွေ ဘတ် (၃.၁၂) ဘီလီယံခန့် ရရှိနိုင်မည်ဖြစ်ပြီး ထိုင်းသင်္ကြန်ပွဲတော်ကို ကမ္ဘာ့ထိပ်တန်း ပွဲတော် (၁၀) ခုတွင် ပါဝင်လာစေရန် မျှော်မှန်းထားကြောင်း TAT က ဆိုသည်။

 

Source: Bangkok Post