မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၂)ဦးတွေ့ရှိ၍ အာဆီယံ(၁၀)နိုင်ငံအတွင်း ကူးစက်ခံရသည့် (၉)နိုင်ငံမြောက် ဖြစ်လာ

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၂)ဦးတွေ့ရှိ၍ အာဆီယံ(၁၀)နိုင်ငံအတွင်း ကူးစက်ခံရသည့် (၉)နိုင်ငံမြောက် ဖြစ်လာ
မတ် 24, 2020
By Tachileik News Agency
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၂)ဦးတွေ့ရှိ၍ အာဆီယံ(၁၀)နိုင်ငံအတွင်း ကူးစက်ခံရသည့် (၉)နိုင်ငံမြောက် ဖြစ်လာ

မြန်မာနိုင်ငံမှ COVID-19 အတည်ပြုလူနာ(၂)ဦးအား တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့ ည(၁၁)နာရီ (၄၅)မိနစ်အချိန်တွင် အသိပေး ထုတ်ပြန်လိုက်သည့် အတွက် အရှေ့တောင်အာရှ(၁၀)နိုင်ငံတွင် (၉)နိုင်ငံမြောက် ကူးစက်ခံရသည့် နိုင်ငံဖြစ်လာပြီး လာအိုနိုင်ငံသည် စောင့်ကြည့်နှင့်သံသယလူနာအဆင့်ထိသာ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အတည်ပြုလူနာအဖြစ် COVID-19 ကူးစက်ခံထားရသူ (၂)ဦးအနက် ချင်းပြည်နယ် တီးတိန်မြို့တွင် နေထိုင်သူ မြန်မာနိုင်ငံသားသည် အမေရိကန်နိုင်ငံမှ Green Card ရရှိထားကာ အမေရိကန်မှ မတ်လ(၁၃)ရက်နေ့က ပြန်ရောက်သူ အသက်(၃၆)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်းသည် မတ်လ(၁၉)ရက်နေ့က ကိုယ်အပူချိန်မြင့်တက် ဖျားနာခဲ့သည့်အတွက် ဆေးခန်းသို့ သွားရောက်ပြသရာမှ တီးတိန်မြို့နယ်ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် စောင့်ကြပ်ကုသမှုပေးခဲ့ရာမှ မတ်လ(၂၂)ရက်နေ့က ၎င်း၏ ဓါတ်ခွဲနမူနာအား ရယူခဲ့ပြီး အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာက မတ်လ (၂၃)ရက်နေ့ ည(၁၁)နာရီ အချိန် စမ်းသပ်စစ်ဆေးချက် အဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ အမျိုးသားသည် ချောင်းဆိုးခြင်းနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများမရှိခဲ့သော်လည်း ဓါတ်ခွဲအဖြေမှာ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း နှင့် လူနာအား တီးတိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိကာ စနစ်တကျ စောင့်ကြပ်ကုသပေးနေလျက်ရှိကြောင်း သိရသည်။

ကျန်အတည်ပြုလူနာတစ်ဦးဖြစ်သည့် အသက်(၂၆)နှစ်အရွယ် မြန်မာနိုင်ငံသားသည် မတ်လ(၂၂)ရက်နေ့က အင်္ဂလန်နိုင်ငံမှ ပြန်လာသူဖြစ်ကြောင်း နှင့်  ဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ မရှိသော်လည်း  ဓါတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရကြောင်း သိရသည်။

အတည်ပြုလူနာ(၂)ဦးနှင့် ပတ်သက်၍ ၎င်းတို့ ထိတွေ့ ခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်ကာ သွားလာကန့်သတ် စောင့်ကြပ်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထားရှိသည်။

အရှေ့တောင်အာရှ(၁၀)နိုင်ငံတွင် လာအိုနိုင်ငံကလွဲ၍ ကျန်(၉)နိုင်ငံတွင် မတ်လ(၂၃)ရက်နေ့ ည(၁၂)နာရီအချိန်အထိ ကူးစက်ခံရသူ စုစုပေါင်း (၄,၀၉၂)ဦးရှိပြီး သေဆုံးသူမှာ (၉၉)ဦးရှိရာ အများဆုံးကူးစက်ခံရသည့်နိုင်ငံမှ မလေးရှားနိုင်ငံ ဖြစ်နေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~