ထိုင်းနိုင်ငံတွင် မိခင်ကို သားဖြစ်သူမှသတ်ပြီး ရေခဲသေတ္တာထဲထည့်ကာ မိမိကိုယ်ကိုသတ်သေ

ထိုင်းနိုင်ငံတွင် မိခင်ကို သားဖြစ်သူမှသတ်ပြီး ရေခဲသေတ္တာထဲထည့်ကာ မိမိကိုယ်ကိုသတ်သေ
နိုဝင်ဘာ 25, 2019
By Tachileik News Agency

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီဝန်းကျင်က မိခင်ဖြစ်သူကို သတ်ပြီး အပိုင်းပိုင်းဖြတ်တောက်ကာ ရေခဲသေတ္တာထဲထည့်ထားသည့် ဒုတိယနှစ် ကျောင်းသားမှာ မိမိကိုယ်ကို ပစ်သတ်သည့်ဒဏ်ရာဖြင့် သေဆုံးသွားသည်။

အသတ်ခံရသည့် အသက် (၄၂)နှစ်အရွယ် ယူရီဆိုသည့် အမျိုးသမီးမှာ လွန်ခဲ့သည့် (၃)နှစ်ကတည်းက ခင်ပွန်းဖြစ်သူနှင့် ကွဲနေပြီး လက်ရှိနေအိမ်တွင် သား(၃)ဦးနှင့်အတူ နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။

သတ်ခံရသူ ယူရီ၏ မိတ်ဆွေအမျိုးသမီးက နေအိမ်သို့ရောက်လာစဉ် ယူရီ၏သားဖြစ်သူ Soi Tha Kham မှာ ခြံတံခါးကို အချိန်ကြာမြင့်စွာ ဖွင့်မပေးဘဲနေရာမှ ရုတ်တရက် ငိုယိုပြီး မိခင်ဖြစ်သူ ပျောက်ဆုံးနေကြောင်းပြောပြီး ခြံတံခါးကို ဖွင့်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယူရီ၏ မိတ်ဆွေအမျိုးသမီးက အိမ်ခန်းအတွင်း ဝင်လိုက်ရာ ယူရီ၏ အိတ်နှင့် သွားလာရာတွင် ယူလေ့ရှိသည့် ပစ္စည်းများကို တွေ့ရပြီး သေနတ်တစ်လက်ကိုလည်း တွေ့လိုက်ရသဖြင့် ယူရီသေဆုံးနေပြီဟု ယူဆမိ၍ အိမ်ပြင်သို့ အမြန်ပြန်ထွက်လာစဉ် Soi Tha Kham က တွန်းထုတ်ခဲ့သည်ဟု သိရသည်။

၎င်းသည် ယူရီ၏ နေအိမ်ရှေ့တွင် နာရီအတော်ကြာစောင့်နေပြီးနောက် Soi Tha Kham သည် အိမ်နေရင်း အဝတ်အစားချွတ်ကာ ကျောင်းဝတ်စုံလဲပြီး အပြင်ထွက်သွားချိန်တွင် ယူရီ၏ ကျန်သားတစ်ဦး၏ အကူအညီဖြင့် နေအိမ်အတွင်း ရှာဖွေကြရာမှ ရေခဲသေတ္တာအတွင်း ခန္ဓာကိုယ်အပိုင်းအစများ တွေ့ရသဖြင့် ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က နေအိမ်အတွင်း စစ်ဆေးရာ ရေချိုးခန်းအတွင်း ကလီစာများကိုလည်း တွေ့ရပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများအား စုစည်းရာတွင် အစိတ်အပိုင်းအချို့ ပျောက်ဆုံးနေကြောင်း သိရသည်။

ယူရီအား သတ်သည့် သားဖြစ်သူ အသက် (၂၈) နှစ်အရွယ် ကွန်ပျူတာအင်ဂျင်နီယာ ဒုတိယနှစ်ကျောင်းသား Soi Tha Kham မှာ အခြားနေရာတွင် မိမိကိုယ်ကိုယ် ဦးခေါင်းကို သေနတ်ဖြင့် ပစ်လိုက်၍  နခွန်ထုန်ဆေးရုံသို့ ပို့ဆောင်ပေးစဉ် သေဆုံးသွားခဲ့သည်ဟု သိရသည်။

Soi Tha Kham မှာ စိတ်ကျဝေဒနာခံစားနေရ၍ လွန်ခဲ့သည့် (၂)နှစ်ကတည်းက ဆေးကုသမှုခံယူနေရသူဖြစ်ကြောင်း ၎င်း၏ဆွေမျိုးများက အတည်ပြုပြောကြားသည်။

Tachileik News Agency
Ref; Khaosod, Matichon, Thai Royal Police

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net