အင်ဒိုနီးရှားနိုင်ငံတွင် ပေါက်ကွဲမှုအန္တရာယ် ဒုတိယအမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ထားသည့် မီရာပီ မီးတောင် ပေါက်ကွဲ

အင်ဒိုနီးရှားနိုင်ငံတွင် ပေါက်ကွဲမှုအန္တရာယ် ဒုတိယအမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ထားသည့် မီရာပီ မီးတောင် ပေါက်ကွဲ
By Mr John

အင်ဒိုနီးရှားနိုင်ငံတွင် ပေါက်ကွဲမှုအန္တရာယ်ရှိကြောင်း ဒုတိယအမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ထားသည့် မီရာပီ (Merapi) မီးတောင် ပေါက်ကွဲခဲ့ပြီး လေထုထဲသို့ မီးခိုးလုံးများ (၇) ကီလိုမီတာအထိ ထွက်ပေါ်လာခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနက ထုတ်ပြန်သည်။ 

အင်ဒိုနီးရှားနိုင်ငံ Yogyakarta အထူးဒေသရှိ မီရာပီမီးတောင်မှာ ၂၀၂၃ခုနှစ် မတ်လ (၁၁) ရက်နေ့ ဒေသစံတော်ချိန် မွန်းတည့် (၁၂) နာရီခန့်တွင် ပေါက်ကွဲခဲ့ပြီး (၁.၅) ကီလိုမီတာရှိ မီးတောင်ချော်ရည်စီးချောင်းကို တွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့က ပြောသည်။

မီးတောင်ပေါက်ကွဲမှု ထွက်ပေါ်လာသည့် မီးခိုးနှင့်ပြာမှုန်များမှာ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဖုံးလွှမ်းနေခဲ့ကြောင်း သိရသည်။ 

မတ်လ (၁၁) ရက် ဒေသစံတော်ချိန် ညပိုင်းအထိ မီးတောင်ပေါက်ကွဲမှုကြောင့် သေဆုံး/ဒဏ်ရာရမှု မရှိကြောင်း ဘေးအန္တရာယ်လျှော့ချရေးဌာနက ပြောသည်။ 

အင်ဒိုနီးရှားသတင်းဌာန Kompas TV က ထုတ်လွှင့်ပြသသည့် မှတ်တမ်းများအရ မီးတောင်အနီးရှိ ကျေးရွာတစ်ရွာတွင် လမ်းများနှင့် နေအိမ်များပေါ်၌ ပြာမှုန်များဖုံးလွှမ်းနေသည်ကို တွေ့ရသည်။ 

ပြာမှုန်များမှာ မီးတောင်ထိပ်ဝမှ အထက်သို့ ပေ (၉,၆၀၀) အထိ ရောက်ရှိခဲ့ကြောင်း မီရာပီမီးတောင် စောင့်ကြည့်အဖွဲ့က ဆိုသည်။

မီးတောင်အနီးပတ်ဝန်းကျင်ရှိ ဒေသခံများကို မီးတောင်ဝမှ (၇) ကီလိုမီတာ (၄.၃ မိုင်) ပတ်လည်ရှိ အန္တရာယ်ဇုန်အတွင်း သွားလာခြင်းမပြုကြရန် သတိပေးထားကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

(၉,၇၂၁) ပေ မြင့်သည့် မီရာပီမီးတောင်မှာ အင်ဒိုနီးရှားတွင် လှုပ်ရှားမှု အရှိဆုံး မီးတောင်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ယခင်ကတည်းက မီးတောင်ပေါက်ကွဲမှု အန္တရာယ် ဒုတိယအမြင့်ဆုံးအဆင့် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

လက်ရှိတွင် မီးတောင်ပေါက်ကွဲမှု အခြေအနေကို စောင့်ကြည့်နေပြီး အန္တရာယ်ရှိဇုန်မှာ (၇) ကီလိုမီတာထက် ပိုမိုလာပါက ဒေသခံများကို ရွှေ့ပြောင်းရန် အကြံပြုရနိုင်ကြောင်း မီးတောင်စောင့်ကြည့်စခန်းမှ အရာရှိတစ်ဦးဖြစ်သူ Yulianto က ပြောသည်။ 

ကမ္ဘာ့ကျောက်ဖျာချပ်ကြီးများဆုံရာ ပစိဖိတ်မီးကွင်း (Pacific Ring of Fire) နယ်မြေတွင် တည်ရှိသည့် အင်ဒိုနီးရှားတွင် အခြားနိုင်ငံများထက် မီးတောင်အရေအတွက် ပိုမိုများပြားသည်။ 

မီရာပီမီးတောင်မှာ ၂၀၁၀ ခုနှစ်တွင် နောက်ဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး လူ (၃၅၀) ကျော် သေဆုံးခဲ့ပြီး ဒေသခံ (၂၈၀,၀၀၀) ခန့် ရွှေ့ပြောင်းခဲ့ရသည်။ 

၁၉၃၀ ခုနှစ်တွင် မီရာပီမီးတောင် အပြင်းထန်ဆုံး ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ဖူးပြီး ထိုစဥ်က လူ (၁,၃၀၀) ခန့် သေဆုံးခဲ့သည်။ 

၁၉၉၄ ခုနှစ်တွင်လည်း မီးရာပီမီးတောင် ပေါက်ကွဲမှုအတွင်း လူ (၆၀) ဝန်းကျင် သေဆုံးခဲ့ကြောင်း သိရသည်။

Source: Reuters, AFP

Photo:  Sumo Sulis/Handout via REUTERS, AFP/Devi Rahman,