မယ်ဆိုင်မြို့ရှိ ကြက်သွန်ရုံမှ မြန်မာအလုပ်သမား (၃၇)ဦး Covid-19 တွေ့ရှိသည့်အတွက် မြန်မာလုပ်သားများရှိရာ နေအိမ်လိုင်းခန်းများသို့ Covid-19 ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေး အသိပညာပေးမှုများ ပြုလုပ်မည်

 မယ်ဆိုင်မြို့ရှိ ကြက်သွန်ရုံမှ မြန်မာအလုပ်သမား (၃၇)ဦး Covid-19 တွေ့ရှိသည့်အတွက် မြန်မာလုပ်သားများရှိရာ နေအိမ်လိုင်းခန်းများသို့ Covid-19 ကာကွယ်ရေးအတွက် လိုက်လံစစ်ဆေး အသိပညာပေးမှုများ ပြုလုပ်မည်

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ မုန်တိုင်းရပ်ကွက်အတွင်းရှိ ကြက်သွန်ရုံမှ မြန်မာအလုပ်သမား (၃၇)ဦး Covid-19 ကူးစက်ခံရမှုနှင့် ပတ်သက်၍ ယနေ့ မေလ(၂၉)ရက်နေ့တွင် မယ်ဆိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအစည်းအဝေးပြုလုပ်ပြီး Covid-19 ထိန်းချုပ်ရေးအတွက် အထူးဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ကြက်သွန်ရုံမှ မြန်မာအလုပ်သမား (၃၇) ဦး  COVID 19 ကူးစက်ခံထားရကြောင်း ၂၀၂၁ ခုနှစ် မေလ (၂၆) ရက်နေ့တွင် စစ်ဆေးတွေ့ရသည့်အတွက် Covid-19 ပိုးတွေ့ရှိထားသည့် မုန်တိုင်းရပ်ကွက်အတွင်း (၂)လမ်းမှ စ၍ ဝန်းကျင်ကို မေလ(၂၇)ရက်နေ့က စ၍  Lockdown အဖြစ် (၁၄)ရက် သတ်မှတ်လိုက်ပြီး အခြေအနေကြည့်၍ သတ်မှတ်ရက်တိုးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

ကြက်သွန်အလုပ်ရုံသို့ ပစ္စည်းပို့နေသည့်  ကုန်တင်ယာဉ်မောင်းမှာ မကြာမီရက်ပိုင်းက COVID 19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိသဖြင့် ကုသမှုခံယူနေသူဖြစ်ကြောင်းနှင့် ဆက်လက်၍ စစ်ဆေးရာမှ မြန်မာအလုပ်သမာ (၃၇)ဦးတွင် Covid-19 ပိုးတွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ပိုးတွေ့သည့် မြန်မာအလုပ်သမားများနေထိုင်သည့် နေရာများမှ မြန်မာအလုပ်သမား (၂၈၈)ဦးကို Covid-19 စစ်ဆေးရာ (၂၈၈)စလုံးတွင် Covid-19 ပိုးမတွေ့ရကြောင်း အစည်းဝေးတွင် ပြောသည်။

ယင်းကိစ္စများနှင့် ပတ်သက်၍ မယ်ဆိုင်မြို့တွင်း မြန်မာအလုပ်သမားများနေထိုင်သည့် အိမ်ခန်းငှားများ၊ လိုင်းခန်းများကို ဝင်ရောက်စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးသည့်အခါမှာလည်း ဖမ်းဆီးရန်အတွက် မဟုတ်ဘဲ Covid-19 ရောဂါကူးစက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက်သာ စစ်ဆေးမည်ဖြစ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်မှုမပြုလုပ်ရန်လည်း အသိပေးထားကြောင်း သိရသည်။

ယခုကာလမှာ Covid-19 ရောဂါကူးစပ်ပြန့်ပွားမှု ကာလဖြစ်၍ မြန်မာအလုပ်သမား အများဆုံး စုဝေးလေ့ရှိသည့် မုန်တိုင်းရပ်ကွက်အတွင်း အလုပ်သမားတံတားဟု ခေါ်သည့် မုန်တိုင်း - ပီယဖောင်းလမ်းဆုံတွင် လူစုလူဝေးများ မပြုလုပ်ရန် တားမြစ်ထားပြီး၊ လူစုလူဝေးဖြစ်ပေါ်သည်ကို တွေ့ရှိရပါက ဖမ်းဆီးအရေးယူမည်ဟုလည်း သိရသည်။

တာချီလိတ် - မယ်ဆိုင်အကြား မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားပေါ်က နေ့စဉ် ဖြတ်သန်းသွားလာပြီး ကုန်စည်ပို့ဆောင်နေသည့် မြန်မာယာဉ်မောင်းများနှင့် ပတ်သက်၍ ထိုင်းဘက်က Covid-19 ကာကွယ်ထိန်းချုပ်ရေးအတွက် လုပ်ဆောင်မည့် ကိစ္စများကို မေလ(၃၁)ရက်နေ့တွင် အသေးစိတ်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာအလုပ်သမား (၃၇)ဦး Covid-19 တွေ့ရှိခြင်းနှင့် ပတ်သက်၍ မြန်မာယာဉ်မောင်းများကို စစ်ဆေးသည့်အခါတွင် Covid-19 ပိုးတွေ့ရှိပါ ကုသရေးအတွက် အဆင်မပြေမှုများရှိနိုင်တာကြောင့် ယင်းကိစ္စကို မေလ(၃၁)ရက်နေ့ အသေးစိတ်ဆွေးနွေးရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။



Photo: ကိုစိုင်း