ထိုင်ဝမ်သမ္မတနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ တွေ့ဆုံခြင်းကို တုံ့ပြန်မှုအဖြစ် တရုတ်က ထိုင်ဝမ်ကျွန်းပတ်လည်တွင် စစ်ရေးလေ့ကျင့်ပြခြင်းဖြင့် ခြိမ်းခြောက်

ထိုင်ဝမ်သမ္မတနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ တွေ့ဆုံခြင်းကို တုံ့ပြန်မှုအဖြစ် တရုတ်က ထိုင်ဝမ်ကျွန်းပတ်လည်တွင် စစ်ရေးလေ့ကျင့်ပြခြင်းဖြင့် ခြိမ်းခြောက်
By Mr John

 ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဌ ကီဗင်မက္ကာသီတို့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းကို တုံ့ပြန်မှုအဖြစ် တရုတ်က ထိုင်ဝမ်ကျွန်းပတ်လည်တွင် (၃) ရက်ကြာ စစ်ရေးလေ့ကျင့်မှုများ ဧပြီလ (၈) ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရသည်။ 

စစ်ရေးလေ့ကျင့်မှု စတင်ပြုလုပ်သည့် ၂၀၂၃ခုနှစ် ဧပြီလ (၈) ရက်နေ့တွင် တရုတ်တိုက်လေယာဥ် (၄၂) စီးက ထိုင်ဝမ်ရေလက်ကြားကို ပိုင်းခြားထားသည့် နယ်စပ်မျဥ်းအား ဖြတ်ကျော်ခဲ့သည်ဟု ဆိုသည်။

တရုတ်က ထိုင်ဝမ်သမ္မတနှင့် အမေရိကန်အောက်လွှတ်တော်ဥက္ကဌတို့၏ ဧပြီလ (၅) ရက်နေ့ တွေ့ဆုံမှုအပေါ် ရှုတ်ချခဲ့ပြီးနောက် ယခုစစ်ရေးလေ့ကျင့်မှု ပြုလုပ်လာမည်ဟု အများက မျှော်လင့်ထားပြီးလည်း ဖြစ်သည်။ 

ဒီမိုကရေစီစနစ် ကျင့်သုံးအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို တရုတ်က ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် ပြောဆိုထားပြီး အမေရိကန်အစိုးရအရာရှိများကိုလည်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်နှင့် တွေ့ဆုံခြင်းမပြုရန် အကြိမ်ကြိမ် သတိပေးနေခဲ့သည်။



တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ဆိုင်အင်ဝမ်နှင့် မက္ကာသီတို့ တွေ့ဆုံမှုကို အလျင်အမြန် ရှုတ်ချလိုက်ပြီး အမေရိကန်က ထိုင်ဝမ်လွတ်လပ်ရေး ကြိုးပမ်းနေသည့် ခွဲထွက်ရေးသမားများနှင့် ပူးပေါင်းကြံစည်ကြောင်း စွပ်စွဲလိုက်ပြီး ထိုင်ဝမ်ကျွန်းအရေးနှင့် ပတ်သက်၍ ၎င်း၏ ကတိကဝတ်များကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တရုတ်က ထိုင်ဝမ်မှာ ခွဲထွက်ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက ၎င်း၏ ထိန်းချုပ်မှုအောက်သို့ စစ်အင်အားသုံးပြီး ပြန်လည်ထည့်သွင်းမည်ဟု ကြုံးဝါးထားသည်။ 

ထိုင်ဝမ်အစိုးရကမူ ထိုင်ဝမ်ကျွန်းမှာ တရုတ်၏ ပိုင်နက်နယ်မြေဖြစ်ကြောင်း ပြောဆိုမှုများကို အခိုင်အမာ ပယ်ချထားခဲ့သည်။ 

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် အမေရိကန်မှ ပြန်လည်ရောက်ရှိလာပြီး နောက်တစ်ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တိုက်ပွဲဝင်ရန် အသင့်ပြင်ဆင် ကင်းလှည့်မှုများနှင့် ထိုင်ဝမ်းကျွန်းပတ်လည်တွင် "Joint Sword" ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပြီဖြစ်ကြောင်း ကြေညာသည်။

"ဒါက ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးအင်အားစုတွေနဲ့ ပြည်ပအင်အားစုတွေရဲ့ ပူးပေါင်းကြံစည်မှုနဲ့ ရန်စမှုကို အလေးအနက် သတိပေးခြင်းဖြစ်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်ပါတယ်" ဟု တရုတ်စစ်တပ်၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

ဧပြီလ (၈) ရက် နံနက်ပိုင်းတွင် J-10 ၊ J-11 နှင့် J-16 အမျိုးအစားများ ပါဝင်သော တရုတ်တိုက်လေယာဥ် (၄၂) စီးက ထိုင်ဝမ်ရေလက်ကြား ပိုင်ခြားထားသည့် နယ်စပ်မျဥ်းကို ဖြတ်ကျော်ခဲ့ကြောင်းနှင့် တရုတ်စစ်သင်္ဘော (၈) စီးကိုလည်း တွေ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

တရုတ်စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ ထိုင်ဝမ်တွင် သတိပေးချက်ထုတ်ပြန်ထားခြင်း မရှိဟုဆိုသည်။

ထိုင်ဝမ်ပြည်သူများမှာ တရုတ်ခြိမ်းခြောက်မှုများကို ကာလရှည်ကြာ ကျင့်သားရနေပြီးလည်း ဖြစ်သည်။ 

၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း ထိုစဥ်က အမေရိကန်အောက်လွှတ်တော်ဥက္ကဌဖြစ်သူ နန်စီပယ်လိုစီ ထိုင်ဝမ်ကို လာရောက်ခဲ့ပြီးနောက်တွင်လည်း တရုတ်က ထိုင်ဝမ်ကျွန်းပတ်လည်တွင် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး တုံ့ပြန်ခဲ့ဖူးကြောင်း သိရသည်။

Source: Reuters

Photo: Eastern Theatre Command/Handout via REUTERS,REUTERS/Thomas Peter