တရုတ်တွင် နှစ်သစ်ကူး အားလပ်ရက်အပြီး ကွာရှင်းရန် လျှောက်လွှာတင်ကြသည့် စုံတွဲများ များပြား

Photo: WhatsOnWeibo
Photo: WhatsOnWeibo
တရုတ်တွင် နှစ်သစ်ကူး အားလပ်ရက်အပြီး ကွာရှင်းရန် လျှောက်လွှာတင်ကြသည့် စုံတွဲများ များပြား
ဖေဖော်ဝါရီ 1, 2023 | နိုင်ငံတကာသတင်း
By Mr John

ဇန်နဝါရီလ (၂၁) ရက်မှ (၂၇) ရက်အထိ တရုတ်နှစ်သစ်ကူးအားလပ်ရက် သို့မဟုတ် တရုတ်နွေဦးရာသီပွဲတော် (Chinese Spring Festival) အားလပ်ရက်များအပြီးတွင် တရုတ်နိုင်ငံတဝန်း ပြည်သူ့ရေးရာရုံးဌာနများ၌ လင်မယားကွာရှင်းရန်အတွက် လျှောက်လွှာတင်ကြမည့် စုံတွဲများဖြင့် လူတန်းရှည်ကြီးများ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

 တရုတ်အရှေ့တောင်ပိုင်း ကျန်းရှီးပြည်နယ်တွင် ဒေသခံတစ်ဦးက ၎င်းနေထိုင်ရာဒေသရှိ ပြည်သူ့ရေးရာရုံး ပြန်ဖွင့်သည့် ပထမဆုံးရက်တွင် လင်မယားကွာရှင်းရန်အတွက် စုံတွဲများ မည်သို့ တန်းစီနေကြကြောင်း ဓာတ်ပုံများ ရိုက်ကူးမျှဝေထားသည်။

လင်မယားကွာရှင်းရန်အတွက် လျှောက်လွှာတင်မည့် တန်းစီနေသော လူတန်းရှည်မှာ အလွန်ရှည်လျားကြောင်းနှင့် ရုံးအပြင်ဘက်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ကြရသည်ဟု ဆိုသည်။ 

နောက်ထပ် ဗီဒီယိုတစ်ခုတွင်လည်း Anhui ပြည်နယ်အတွင်းရှိ ပြည်သူ့ရေးရာရုံးတစ်ခုတွင် အလားတူ လူတန်းရှည်ကြီး စောင့်ဆိုင်းနေသည့် မြင်ကွင်းများကို တွေ့ရသည်။

တတိယ ဗီဒီယိုမှတ်တမ်းတစ်ခုတွင် ဟဲနန် ပြည်နယ်ရှိ ပြည်သူ့ရေးရာရုံးတစ်ခု၌ လူစုလူဝေးဖြစ်နေသည်ကို မြင်ရသည်။ 

Toutiao News ၊ Vista နှင့် Phoenix News ကဲ့သို့ တရုတ်မီဒီယာများ အားလုံးက လင်မယားကွာရှင်းရန် နိုင်ငံတဝန်းရှိ သက်ဆိုင်ရာရုံးများတွင် လူတန်းရှည်များ တန်းစီနေကြသည့်အကြောင်း ဇန်နဝါရီလ (၂၉) ရက်နေ့က ဆိုရှယ်မီဒီယာပို့စ်များ တင်ခဲ့ကြရာ ပို့စ်တစ်ခုမှာ like အရေအတွက် (၇,၀၀၀) အထိ ရရှိခဲ့သည်ကို တွေ့ရသည်။

"သူတို့ လက်ထပ်ကြဖို့ တန်းစီးနေကြတာလို့ ထင်မိခဲ့တာ။ ပြီးတော့ သတင်းတွေကို ကြည့်လိုက်တော့မှ တကယ်တမ်းက သူတို့က ကွာရှင်းကြဖို့ တန်းစီနေတာ သိလိုက်ရတယ်" ဟု comment တစ်ခုတွင် ပြောထားသည်။ 

တရုတ်နှစ်သစ်ကူးအပြီး ကွာရှင်းလေ့ရှိကြသည့်အကြောင်းမှာ ပြီးခဲ့သည့် နှစ်များအတွင်းကလည်း တရုတ်မီဒီယာနှင့် ဆိုရှယ်မီဒီယာတွင် ဆွေးနွေးပြောဆိုစရာ ဖြစ်ခဲ့သည်။

အနောက်နိုင်ငံများတွင် ခရစ်စမတ်ကာလအပြီး၌ ကွာရှင်းမှုနှုန်း မြင့်တက်လေ့ရှိပြီး ခရစ်စမတ်အပြီး တနင်္လာနေ့ကို "ကွာရှင်းသည့်နေ့" "Divorce Day" ဟု တင်စားခေါ်ဝေါ်ကြသည်။ 

ခရစ်စမတ်ကာလအတွင်း စုံတွဲများ မကြာခဏ စကားများရန်ဖြစ်ကြကြောင်းနှင့် ငွေရေးကြေးရေး ဖိအားများက ပွဲတော်ရာသီနှင့်အတူ ရှိလာတတ်ကြောင်း သတင်းရင်းမြစ်အချို့က ဆိုသည်။ 

တရုတ်နှစ်သစ်ကူးကလည်း များစွာကွာခြားခြင်း မရှိဘဲ မိသားစုများ စုဝေးကြစဥ်အတွင်း စကားများရန်ဖြစ်ကြရာမှ ကွာရှင်းကြသည်အထိ ဖြစ်တတ်ကြောင်း သိရသည်။ 

"နွေဦးပွဲတော် (နှစ်သစ်ကူးအားလပ်ရက်) က အိမ်ထောင်ရေးမိုင်းကွင်းကြီးတစ်ခုလိုပဲ" ဟု comment ရေးသားသူတစ်ဦးက ပြောထားသည်။

"ခင်ဗျားရဲ့ မိသားစုအိမ်ကို ပြန်တဲ့အခါ ဆွေးမျိုးရင်းချာတွေနဲ့ ပြန်ဆုံကြရုံတင်မဟုတ်ဘူး။ လူသားဆက်ဆံရေးတွေနဲ့ ကျင့်ဝတ်ထုံးထမ်းတွေကို အမျိုးမျိုး စမ်းသပ်မှုတွေလည်း ကြုံရတယ်။ ဂရုမစိုက်မိတဲ့ အခိုက်အတန့်က စုံတွဲတွေကြား ပဋိပက္ခတွေ ဖြစ်စေနိုင်တယ်။ အဲဒီကနေ စကားများရန်ဖြစ်တာ ဒါမှမဟုတ် ကွာရှင်းကြတာအထိတောင် ဖြစ်တတ်တယ်။ ခင်ဗျားရဲ့အိမ်ထောင်ရေး ကောင်း/မကောင်းဆိုတာ တရုတ်နှစ်ကူးမှာ သိလိမ့်မယ်။ နှစ်သစ်ကူးပြီးတဲ့အခါ ကွာရှင်းတာတွေ အများကြီး ဖြစ်လာတာပဲ" ဟု comment ရေးသူက ၎င်း၏အမြင်ကို ပြောထားသည်။

Source: WhatsOnWeibo