ယူကရိန်းစစ်ပွဲတွင် ရုန်းကန်နေရသည့် ရုရှားသမ္မတပူတင်က ရာဇဝတ်သားများကို စစ်တပ်သို့ ခေါ်ပြီး စစ်မှုထမ်းရန် အမိန့်ထုတ်

ယူကရိန်းစစ်ပွဲတွင် ရုန်းကန်နေရသည့် ရုရှားသမ္မတပူတင်က ရာဇဝတ်သားများကို စစ်တပ်သို့ ခေါ်ပြီး စစ်မှုထမ်းရန် အမိန့်ထုတ်
နိုဝင်ဘာ 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရုရှားသမ္မတ ဗလာဒီမာပူတင်က လူသတ်မှု၊ လုယက်မှု၊ ခိုးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် အခြား ကြီးလေးသောပြစ်မှုများ ကျူးလွန်ထားသည့် ရာဇဝတ်သားများကို စစ်မှုထမ်းရန်ခေါ်ယူမည့် အမိန့်ဒီကရီတစ်ရပ် လက်မှတ်ရေးထိုးလိုက်ကြောင်း သိရသည်။ 

ပူတင်၏ ထိုအမိန့်ဒီကရီအရ ထောင်ပေါင်းများစွာသော ပြစ်ဒဏ်ကျခံနေရသူများ သို့မဟုတ် မကြာသေးမီက လွတ်မြောက်လာပြီး ယခင်က စစ်မှုထမ်းရန် တားမြစ်ပိတ်ပင်ခံရသူများကို ရုရှားစစ်တပ်ထဲသို့ ခေါ်ယူနိုင်မည် ဖြစ်သည်။

အရွယ်မရောက်သေးသူများကို လိင်ပိုင်းဆိုင်ရာပြစ်မှု ကျူးလွန်သူများ၊ နိုင်ငံတော်သစ္စာဖောက်မှု၊ သူလျှိုလုပ်မှု သို့မဟုတ် အကြမ်းဖက်မှု ကျူးလွန်သူများမှာ ယခုအမိန့်ဒီကရီတွင် အကျုံးမဝင်ဘဲ ကင်းလွတ်လွင့်ရမည်ဟု သိရသည်။ 

ထို့အတူ အစိုးရအရာရှိတစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှု၊ လေယာဥ်ပြန်ပေးဆွဲမှု၊ အစွန်းရောက်လှုပ်ရှားမှုနှင့် နျူကလီးယားပစ္စည်းများနှင့် ရေဒီယိုသတ္တိကြွပစ္စည်းများ တရားမဝင် လုပ်ကိုင်ဆောင်ရွက်မှု ကျူးလွန်သူများကိုလည်း စစ်တပ်သို့ ခေါ်ယူသွားမည်မဟုတ်ဟု ဆိုသည်။

 

သမ္မတပူတင်က နိုဝင်ဘာလ (၄) ရက်နေ့တွင် ပြောကြားမှုအရ ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ရုရှားစစ်တပ်သို့ အရန်တပ်ဖွဲ့ဝင် (၃၀၀,၀၀၀) ဆင့်ခေါ်မှု ပြီးစီးသွားပြီဖြစ်ကာ နောက်ထပ် တပ်ဖွဲ့ဝင် (၁၈,၀၀၀) ကိုလည်း ခေါ်ယူခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 

စစ်မှုထမ်းရန် ဆင့်ခေါ်သည့် လူအရေအတွက် ပြည့်သွားပြီဖြစ်ရာ ထိုလုပ်ငန်းစဥ်ကို ရပ်ဆိုင်းထားကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

သို့သော် သမ္မတပူတင်က တရားဝင် အမိန့်ဒီကရီတစ်ရပ် လက်မှတ်ရေးထိုးချိန်မှသာ တစ်စိတ်တစ်ပိုင်း စစ်စည်းရုံးခြင်းအမိန့် ပြီးဆုံးမည်ဖြစ်သည်။ 

ထိုသို့ လက်မှတ်မရေးထိုးမီအထိ ပူတင်က နိုင်ငံသားများကို စစ်တပ်ထဲသို့ ခေါ်ယူနိုင်သေးသည်။ 

နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရုရှား၏ Wagner တပ်ဖွဲ့၏ အကြီးအကဲ Yevgeny Prigozhin က ယူကရိန်းစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ရုရှားအကျဥ်းထောင်များမှ အကျဥ်းသားများကို ခေါ်ယူထားပုံရကြောင်း သိရသည်။

 Source: CNN