WHO က အခိုင်အမာ ထောက်ခံထားသည့် COVID-19 သောက်ဆေး

WHO က အခိုင်အမာ ထောက်ခံထားသည့် COVID-19 သောက်ဆေး
By Mr John

 အမေရိကန်အခြေစိုက် Pfizer ကုမ္ပဏီထုတ် COVID-19 ဗိုင်းရပ်စ်သတ် သောက်ဆေး Paxlovid ကို အတန်အသင့် ရောဂါပြင်းထန်ပြီး ဆေးရုံတက်ရနိုင်ခြေ မြင့်မားနေဆဲ လူနာတွေအတွက် အခိုင်အမာထောက်ခံကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ဧပြီ (၂၂) ရက်နေ့တွင် ပြောသည်။

Pfizer ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ၏ nirmatrelvir နှင့် ritonvavir ဆေးနှစ်မျိုးကို ပေါင်းစပ်ထားသော Paxlovid သောက်ဆေးက COVID-19 ကူးစက်ခံရသည့် ကာကွယ်ဆေးထိုးမထားသူ သက်ကြီးရွယ်အိုများ သို့မဟုတ် ကိုယ်ခံအားနည်းသူများအတွက် အကောင်းဆုံးရွေးချယ်စရာ ကုသမှုဖြစ်ကြောင်း WHO ၏ ကျွမ်းကျင်သူတွေက BMJ ဆေးပညာဂျာနယ်တွင် ပြောထားသည်။



အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Gilead က ထုတ်လုပ်သည့် remdesivir ဗိုင်းရပ်စ်သတ်ဆေးကိုတော့ အလားတူ လူနာများအတွက် WHO က ထောက်ခံမှုအားနည်းခဲ့သည်။

WHO က remdesivir ကို အသုံးပြုရန် ယခင်က ထောက်ခံချက်မပေးခဲ့ဟု ဆိုသည်။

WHO က COVID-19 ကုသဆေးအဖြစ် Gilead ကုမ္ပဏီ၏ remdesivir နှင့် Merck ကုမ္ပဏီ၏ molnupiravir သောက်ဆေးထက် Pfizer ထုတ် Paxlovid သောက်ဆေးကို ပိုမိုထောက်ခံခဲ့ကြောင်း သိရသည်။



လူနာ ၃,၀၀၀ နီးပါးကို လေ့လာဆန်းစစ်မှု၏ တွေ့ရှိချက်များအပေါ် အခြေခံပြီး WHO က Paxlovid ကို အခိုင်အမာ ထောက်ခံလိုက်ခြင်းလည်း ဖြစ်သည်။

ထိုလေ့လာဆန်းစစ်မှုအရ Paxlovid က COVID-19 ကြောင့် ဆေးရုံတက်ရမှုကို (၈၅) ရာခိုင်နှုန်း လျှော့ချပေးနိုင်သည်ဟု ဆိုသည်။

Paxlovid ကို အသက် (၁၈) နှစ်အထက် လူနာများအတွက် WHO က ထောက်ခံထားသော်လည်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ သောက်၍မရကြောင်း အသိပေးထားသလို COVID-19 ကူးစက်ခံရပြီး ထပ်တိုးရောဂါ ဖြစ်နိုင်ခြေနည်းသည့် လူနာများအတွက်လည်း Paxlovid သောက်ရန် WHO က မထောက်ခံထားကြောင်း သိရသည်။

ထိုကဲ့သို့သော လူနာများအတွက် Paxlovid ၏ အကျိုးရှိမှုမှာ အနည်းအကျဥ်းမျှသာ ဖြစ်သည်ဟု ဆိုသည်။

ထို့အတူ COVID-19 ရောဂါပြင်းထန်သူတွေအတွက် Paxlovid သောက်သင့် မသောက်သင့်ကို WHO ကျွမ်ကျင်းသူတွေက ထင်မြင်ချက်ပေးရန် ငြင်းဆန်ခဲ့ပြီး လေ့လာဆန်းစစ်မှု အချက်အလက်မရှိသောကြောင့်ဟု ရှင်းပြသည်။



ထိုကဲ့သို့သော ဗိုင်းရပ်စ်သတ်ဆေးများဖြင့် ကုသရာတွင် အကန့်အသတ်ရှိမှုတွေကိုလည်း WHO က အလေးအနက် ပြောခဲ့သည်။

"COVID-19 ရောဂါဖြစ်မှု အစောပိုင်းအဆင့်မှာသာ ဆေးကို အသုံးပြုနိုင်ပါတယ်" ဟု WHO ၏ ကျွမ်းကျင်သူတွေက ဆိုသည်။ ထိုအခြေအနေအရ COVID-19 ကူးစက်ခံမှုကို အလျင်အမြန် စစ်ဆေးသိရှိရမည်ဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်အဖြင့် ဆေးသောက်ရမည်ဟု WHO က ပြောထားသည်။

Paxlovid ၏ ဆေးပတ်တစ်ပတ် (၅) ရက်ဖြစ်ပြီး ထိုဆေးပတ်အတွက် ကုန်ကျစရိတ်က အမေရိကန်နိုင်ငံတွင် ဒေါ်လာ ၅၃၀ (မြန်မာကျပ်ငွေ ၉ သိန်း ၈ သောင်းကျော်) ဖြစ်ကြောင်း WHO ၏ အကြီးတန် အကြံပေးပုဂ္ဂိုလ် Lisa Hedman က NPR ရေဒီယိုသတင်းဌာနကို ပြောကြားထားပြီး WHO က အတည်မပြုနိုင်သည့် အခြား သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ အလယ်အလတ်ဝင်ငွေရှိ နိုင်ငံများထက် ဝင်ငွေပိုများသည့် upper-middle income နိုင်ငံတစ်နိုင်ငံတွင်မူ Paxlovid ဈေးနှုန်းမှာ (၅) ရက်တာ ဆေးပတ်အတွက် ဒေါ်လာ ၂၅၀ (မြန်မာကျပ်ငွေ ၄ သိန်း  ၆ သောင်းကျော်) ဖြစ်ကြောင်း သိရသည်။

Paxlovid သောက်ဆေးကို အသုံးပြုနိုင်မှုမှာ ဝင်ငွေနိမ့်ပါးသည့် နိုင်ငံများနှင့် အလယ်အလတ်ဝင်ငွေရှိ နိုင်ငံများအတွက် အခက်အခဲဖြစ်နိုင်ကြောင်းလည်း WHO က ဆိုထားပြီး နောက်ထပ် COVID-19 ကုသဆေးဖြစ်သည့် remdesivir အတွက် ကုန်ကျစရိတ်မှာ အမေရိကန်တွင် ဒေါ်လာ ၅၂၀ (မြန်မာကျပ်ငွေ ၉ သိန်း ၆ သောင်းကျော်) ဖြစ်ကြောင်း Lisa Hedman က ပြောသည်။

သို့သော် အိန္ဒိယနိုင်ငံရှိ ကုမ္ပဏီများက ထုတ်လုပ်ထားသည့် remdesivir ဆေးကိုတော့ ၅၃ ဒေါ်လာမှ ၆၄ ဒေါ်လာအတွင်း ဈေးနှုန်းဖြင့် ‌ရောင်းချသည်ဟု ဆိုသည်။

Source: AFP