မိုင်းယန်းမြို့တွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၁၀)ဦး တွေ့ရှိ

မိုင်းယန်းမြို့တွင် Covid-19 ကူးစက်ခံထားရသူ တစ်နေ့တည်း (၁၀)ဦး တွေ့ရှိ
သြဂုတ် 2, 2021 | Covid-19| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် Covid-19 တတိယလှိုင်းစတင်ခြင်းအဖြစ် ဩဂုတ်လ(၂)ရက်နေ့မှာပင် Covid-19 ကူးစက်ခံထားရသူ (၁၀)ဦး တွေ့ရှိရကြောင်း သိရသည်။

မိုင်းယန်းမြို့၊ ဟောကန်ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးသည် မိမိကိုကိုယ် သံသယရှိ၍ ယနေ့ ဩဂုတ်လ(၂)ရက်နေ့ နံနက်ပိုင်းမှာပင် မိုင်းယန်းတိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး RDT Test Kit ဖြင့် စစ်ဆေးရာမှ Covid-19 တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းထံတွင် Covid-19 ပိုးတွေ့ရှိကြောင်း သိရှိရ၍ အနီးဆုံးထိတွေ့သူများဖြစ်သည့်  မိသားစုဝင် (၉)ဦးကို ဆက်လက်စစ်ဆေးရာတွင်လည်း ပိုးတွေ့ရှိရကြောင်း သိရသည်။

ပိုးတွေ့ရသည့် (၁၀)ဦးတွင် အမျိုးသား (၄)ဦး နှင့် အမျိုးသမီး (၆)ဦးတို့ ဖြစ်ကြပြီး ၎င်းတို့အား မိုင်းယန်း  တိုက်နယ်ဆေးရုံ၏ သီးသန့်ဆောင်တွင် ထားရှိကြောင်း သိရသည်။

ပိုးတွေ့ရသူများနှင့် ပတ်သက်၍ ၎င်းတို့၏ နေအိမ် နှင့် ဟော်ကန်ရပ်ကွက်အား အသွားအလာကန့်သတ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ရပ်ကွက်တွင်းနေ ပြည်သူများအနေဖြင့် Covid-19 ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ လိုက်နာ နေထိုင်ကြရန် မိုင်းယန်းမြို့နယ် ကိုဗစ်ကော်မတီက အသိပေးထားရှိသည်။

မိုင်းယန်းမြို့တွင် Covid-19 တတိယလှိုင်းအတွင်း ပိုးကူးစက်ခံရမှုအဖြစ် ယနေ့ ဩဂုတ်လမှစ၍ စတင်တွေ့ရှိလာခြင်း ဖြစ်သည်။