သင်္ကန်းကျွန်းမြို့နယ်ရှိ Music Zone KTV တွင် အလုပ် လုပ်ကိုင်ပြီး မကွေးတိုင်းဒေသကြီးသို့ ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့

သင်္ကန်းကျွန်းမြို့နယ်ရှိ Music Zone KTV တွင် အလုပ် လုပ်ကိုင်ပြီး မကွေးတိုင်းဒေသကြီးသို့ ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့
စက်တင်ဘာ 13, 2020
By Tachileik News Agency

 

သင်္ကန်းကျွန်းမြို့နယ်ရှိ Music Zone KTV တွင် အလုပ် လုပ်ကိုင်ပြီး မကွေးတိုင်းဒေသကြီးသို့ ပြန်လာသူ (၂)ဦးတွင် Covid-19 ပိုးတွေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စက်တင်ဘာလ(၁၂)ရက်နေ့ ည(၈)နာရီအချိန်တွင် ထုတ်ပြန်သည့် Covid-19 လူနာစာရင်း ထုတ်ပြန်ကြေညာချက်အရ  COVID-19 ပိုးတွေ့အတည်ပြုလူနာစာရင်းတွင် ပါရှိသော မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့ နယ်နှင့် နတ်မောက်မြို့နယ်တို့မှ ရောဂါပိုးတွေ့ရှိသူ (၂) ဦးမှာ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone ကာရာအိုကေဆိုင်တွင် အလုပ် လုပ်ကိုင်ခဲ့သူများဖြစ်ကြကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၏ အတည်ပြုပြောကြားချက်အရ သိရသည်။
“နတ်မောက်မြို့နယ်က အမျိုးသား (၁)ဦး၊ မြို့သစ်မြို့နယ်က အမျိုးသား (၁)ဦး ထပ်တိုးတွေ့ရှိပါတယ်။ (၂)ဦးစလုံး ရန်ကုန် သင်္ဃန်းကျွန်း ပြန်တွေပါပဲ။ (၂)ဦးစလုံး အတူတူပြန်လာတာ ဟုတ်၊ မဟုတ်တော့ အတည်မပြုနိုင်သေးပါဘူး။ မကွေး သင်ကြားရေးဆေးရုံကို ခေါ်ဆောင်ထားရှိမှာပါ”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောကြားသည်။
Music Zone KTV ၌ ယာဉ်မောင်း လုပ်ခဲ့ပြီး ပြန်လာသူမှာ မြို့သစ်မြို့နယ် လေးတိုင်စင်အုပ်စု ဖိုကြီး ကျေးရွာ နေထိုင်သူ ဖြစ်ကြောင်း သိရပြီး စက်တင်ဘာလ (၅) ရက်နေ့ တွင် ဖိုကြီးကျေးရွာ အလကကျောင်း၌ facility quarantine ထားရှိကာ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ရန်ကုန်ပြန် (၅)ဦးနှင့်အတူ Swap ယူယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြို့သစ်မြို့နယ်က သီးခြား facility quarantineထားရှိသူ ၆ ဦးကို Swab ယူပြီး ဓာတ်ခွဲပေးပို့စစ်ဆေးတာမှာ ဖိုကြီး ကျေးရွာက (၁) ဦး ပိုးတွေ့ရှိခဲ့တာပါ။ သူနဲ့ဆက်စပ်မှုရှိသူတွေကိုတော့ စုံစမ်းရှာဖွေပြီး Facility Quarantine သီးသန့်ထားရှိပြီး ဓာတ်ခွဲနမူနာရယူစစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု မြို့သစ်မြို့နယ် ကုသ ရေးဦးစီးမှူး ဒေါက်တာ သန့်ဇော်မြင့် က ပြောသည်။
နတ်မောက်မြို့နယ် ဂွေးကုန်းကျေးရွာအုပ်စုမှ ပိုးတွေ့လူနာမှာလည်း ရန်ကုန် Music Zone KTV တွင် အလုပ်လုပ်ကိုင်၍ ပြန်လာသူဖြစ်ပြီး ရွာတွင် Home Quarantine  နေထိုင်ရာမှ Swab ယူကာ ဓာတ်ခွဲ ပေးပို့ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
မကွေးတိုင်းတွင် COVID-19 ပိုးတွေ့အတည်ပြုလူနာစုစုပေါင်း(၁၂)ဦး ရှိသွားပြီဖြစ်ပြီး (၃)ဦးမှာ ကျန်းမာစွာဖြင့် ဆေးရုံမှ ဆင်းနိုင်ခဲ့ကြကာ မကွေးသင်ကြားရေးဆေးရုံတွင်(၅)ဦး၊ မကွေးတိုင်းဆေးရုံကြီး တွင်(၂)ဦး၊ ပခုက္ကူဆေးရုံကြီးတွင်(၁)ဦး၊ ပြည်ဆေးရုံကြီးတွင်(၁)ဦး၊ စုစုပေါင်း (၉)ဦးမှာ ဆေးကုသမှုခံ ယူနေဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~