တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြား (၁၂)သန်းကျော် ဖမ်းမိပြီးနောက် ကြံ့ခိုင်ရေးရုံး အပါအဝင် အချို့နေရာများတွင် စစ်ကောင်စီတပ်က လုံခြုံရေး ချထား

တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြား (၁၂)သန်းကျော် ဖမ်းမိပြီးနောက် ကြံ့ခိုင်ရေးရုံး အပါအဝင် အချို့နေရာများတွင် စစ်ကောင်စီတပ်က လုံခြုံရေး ချထား
ဧပြီ 25, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် မူးယစ်ဆေးဝါး စိတ်ကြွဆေးပြား (၁၂)သန်းကျော် ဖမ်းဆီးရမိပြီးနောက် ယနေ့ ဧပြီလ(၂၅)ရက်နေ့ ညပိုင်း၌ မြို့တွင်း ရဲစခန်းအပါအဝင် အချို့ရုံးများ နှင့် ကြံ့ခိုင်ရေးပါတီရုံးကို စစ်ကောင်စီတပ်က လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးပေးထားရသည်ဟု သိရသည်။

"အခုည(၁၁)နာရီလောက်မှာ ကြံ့ခိုင်ရေးရုံး ခြံတံခါး မှာ  လက်နက်အပြည့်အစုံနဲ့ လုံခြုံရေး ချထားတယ်။ အရင်ကတော့ ရှိတယ်။ ဒါပေမဲ့ ဒီနေ့က  ခြံတံခါးဝ မှာ စစ်သား(၈)ယောက်လောက်တွေ့တယ် လက်နက်အပြည့်အစုံနဲ့ ရောက်လာတာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် ဇွန်လအတွင်းက  မူးယစ်ဆေးဝါး ကျပ် (၁၄)ဘီလီယံကျော်ဖိုး ဖမ်းမိပြီးနောက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ဖောက်ခွဲ ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့သည်လည်း ရှိသည့်အတွက် ယခုအခါတွင်လည်း စစ်ကောင်စီ၏ လက်အောက်ခံ ဌာနများနှင့် ကြံ့ခိုင်ရေးပါတီရုံး အပါအဝင် နေရာများ တိုက်ခိုက်မှု မခံရရန်အတွက် လုံခြုံရေး ချထားရသည်ဟု ဌာနတွင်း သတင်းရင်းမြစ်များက ဆိုသည်။

ညပိုင်းတွင်လည်း လှည့်ကင်းများ ပတ်နေသည်ဟုလည်း သိရသည်။



တာချီလိတ်မြို့ရှိ "ဝ"ပိုင် ဟုန်ပန်းကွင်းအတွင်း "ဝ"အဖွဲ့နှင့်  ပြဿနာဖြစ်ပွားစဉ် သေနတ်ပစ်ခတ်သူအား အရေးယူပေးရန် "ဝ"အဖွဲ့က တိုင်တန်းမှုကြောင့် စစ်ကောင်စီတပ်နှင့်ရဲများက ၂၀၂၂ခုနှစ် ဧပြီလ(၂၄)ရက်နေ့တွင် ချက်ချင်းဖမ်းဆီးလိုက်သည့် အမျိုးသား(၁၀)ဦးအဖွဲ့ထံမှ မူးယစ်ဆေးပြား (၁၂)သန်းခွဲနှင့် လက်နက်များနှင့်ကျည်အချို့ကို သိမ်းဆည်းရမိခဲ့သည်။

တာချီလိတ်မြို့တွင် သေနတ်ကိုင်ဆောင်သူ အများအပြားရှိနေပြီး ၎င်းတို့သည် စစ်အာဏာရှင်တော်လှန်ရေးအတွက်မဟုတ်ဘဲ မိမိကိုယ်ကျိုးအတွက်သာ အသုံးပြုရန် ကိုင်ဆောင်လေ့ရှိကြသည့် ဒေသဖြစ်ပြီး စစ်ကောင်စီ၏ လက်အောက်ခံများမှ အလိုလိုနေရင်း ကြောက်လန့်ပြီး စောင့်ကြပ်နေရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဆက်စပ်သတင်း

တာချီလိတ်မြို့ရှိ "ဝ"ပိုင်နက်အတွင်း သေနတ်ပစ်ခတ်မှုကြောင့် တိုင်တန်းခံရသည့် အမျိုးသား(၁၀) ဦးအဖွဲ့ထံမှ  မူးယစ်ဆေးပြား (၁၂)သန်းခွဲကျော် သိမ်းဆည်းရမိ