တာချီလိတ် နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေးတံတား(၁) ဖွင့်လှစ်ရေး ထိုင်းဘက်က မီးစိမ်းပြလိုက်သော်လည်း မြန်မာဘက်က အထက်သို့ တင်ပြရဦးမည်

တာချီလိတ် နှင့် မယ်ဆိုင်မြို့ အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား
တာချီလိတ် နှင့် မယ်ဆိုင်မြို့ အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား
တာချီလိတ် နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေးတံတား(၁) ဖွင့်လှစ်ရေး ထိုင်းဘက်က မီးစိမ်းပြလိုက်သော်လည်း မြန်မာဘက်က အထက်သို့ တင်ပြရဦးမည်
မေ 24, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်မြို့ အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား ဖွင့်လှစ်ရေးအတွက် ထိုင်းဘက်က ရာနှုန်းပြည့် အဆင်သင့်ဖြစ်နေသော်လည်း မြန်မာဘက်က ပြင်ဆင်မှုများ မပြုလုပ်ရသေး၍ အထက်သို့ အမြန်ဆုံး တင်ပြပြီးမှသာ ဖွင့်မည့်နေ့ရက်ကို အကြောင်းကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

တာချီလိတ် နှင့် မယ်ဆိုင်မြို့ အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား ဖွင့်လှစ်ရေးအတွက် ၂၀၂၂ခုနှစ် မေလ(၂၄)ရက်နေ့ နံနက်ပိုင်းက ချစ်ကြည်ရေးအမှတ်(၂)တံတားရှိ မယ်ဆိုင်အကောက်ခွန်ရုံး၏ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာဘက်က ယင်းသို့ အကြောင်းပြန်လိုက်ခြင်း ဖြစ်သည်။

ချစ်ကြည်ရေးအမှတ်(၁) တံတား ဖွင့်လှစ်ရေးအတွက် ထိုင်းနိုင်ငံဘက်က အစည်းအဝေး မစတင်မီ ရက်ပိုင်းကတည်းက မြန်မာဘက်က တံတားဖွင့်မည်ဟု ချက်ချင်း အတည်ပြုလာပါက နောက်ရက်တွင် ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

 Supphasan Poomchaiya

"ထိုင်းဘက်က တံတားဖွင့်ဖို့ အစစ အရာရာကြိုတင်ပြင်ဆင်ပြီးနေပြီ၊ ပြင်ဆင်ပြီးလို့ အစည်းဝေးလုပ်တဲ့ သဘောမျိုးပဲ။ မြန်မာဘက်ကတော့ ကြိုတင်ပြင်ဆင်ထားတာမရှိသေးတော့ နေပြည်တော်အထိ အမြန်ဆုံးတင်ပြပြီး အကြောင်းပြန်မယ်လို့ အစည်းဝေးမှာ ပြောထားတယ်။ အဓိက ဆွေးနွေးခဲ့ကြတာကတော့ ကိုဗစ် ကိစ္စ နဲ့ လူဝင်လူထွက် သတ်မှတ်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်။ နေပြည်တော်အထိ တင်ပြပြီးလို့ ဒီရက်ပိုင်း အကြောင်းပြန်ရင် ဒီရက်ပိုင်း ဖွင့်နိုင်တယ်။ လကုန်မှ အကြောင်းပြန်ရင် လကုန်မှလည်း ဖြစ်နိုင်တယ် သဘောကတော့ အဖြေက အထက်က လာတဲ့ အဖြေပေါ် မူတည်ပြီး တံတား ဖွင့်မှာ"ဟု မြန်မာဘက်မှ မြို့နယ်အဆင့် တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။

 Supphasan Poomchaiya

တာချီလိတ် - မယ်ဆိုင် နှစ်ဖက်ဆွေးနွေးမှုများတွင် တံတားဖွင့်ရန် မြန်မာဘက်က အထက်သို့ တင်ပြရေး နှင့် မယ်ဆိုင်ဘက်သို့ သွားမည့် မြန်မာများအနေဖြင့် (၂)ညအိပ် (၃)ရက်သာ ခွင့်ပြုမည်ဖြစ်ပြီး ထိုင်းဘက်မှ တာချီလိတ်သို့ လာမည့် ထိုင်းနိုင်ငံသားများကို နေ့ချင်းပြန်သာ ခွင့်ပြုမည်ဖြစ်သည်ဟု ဆွေးနွေးထားကြသည်။

အမှတ်(၁)တံတား ဖွင့်ပါက မယ်ဆိုင်သို့ သွားမည့် မြန်မာများအနေဖြင့် လတ်တလောတွင် ယခင်ကလို (၇)ရက်အထိ ရမည်မဟုတ်သလို ချင်းရိုင်းအထိလည်း သွားလာခွင့်ရမှာ မည်မဟုတ်ကြောင်း နှင့် ထိုင်းနိုင်ငံသားများသည်လည်း မယ်ယန်းဂိတ်ကို ကျော်ခွင့်ရမည် မဟုတ်ကြောင်း မြန်မာဘက်က ဆွေးနွေးသည်ဟု ထိုင်းဘက် မီဒီယာများက ဖော်ပြထားရှိသည်။

Covid-19 ရောဂါကို ထိထိရောက်ရောက် ကာကွယ်တားဆီးခြင်း မရှိသည့် တာချီလိတ်မြို့မှ အာဏာပိုင်များသည် ချစ်ကြည်ရေးတံတား(၁)မှ Covid-19 ရောဂါ ကူးစက်ပြန့်ပွားမည်ကို စိုးရိမ်နေသည့်အလား အစည်းဝေးတွင် ထည့်သွင်းဆွေးနွေးသည်ဟုလည်း သိရသည်။

ယနေ့ အစည်းအဝေးအရ  တာချီလိတ် နှင့် မယ်ဆိုင်မြို့ အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား ဖွင့်လှစ်ရေး ကိစ္စသည် ထိုင်းဘက်က ဖွင့်လှစ်မိန့်ကျပြီးဖြစ်၍ အဓိက အားဖြင့် မြန်မာဘက်ကသာ အဓိက ဆုံးဖြတ်ရမည့် အခြေအနေ ဖြစ်နေသည်။

မြန်မာ - ထိုင်းနယ်စပ်ရှိ ချစ်ကြည်ရေး အမှတ်(၁) တံတား နှင့် အမှတ်(၂)တံတား  စသည့် တံတား(၂)စင်း ရှိရာတွင် တံတား(၂)သည် အဓိက အားဖြင့် ကုန်စည်ပို့ဆောင်ရေးအတွက်ဖြစ်ပြီး တံတား(၁)သည် လူသွားလာရာ နှင့် တနိုင်တပိုင်ကုန်သွယ်ရန်အတွက် အသုံးပြုခြင်းဖြစ်ပြီး တံတား(၁)ကို ထိုင်းဘက်က Covid-19 ကာကွယ်ရေးအတွက် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့ကစ၍ ပိတ်ထားခြင်းဖြစ်သည်။

ချစ်ကြည်ရေးတံတား(၁) ဖွင့်လှစ်ပါက အဆိုပါ တံတားကနေ အာဏာသိမ်းစစ်အုပ်စု၏ အလိုရှိသူများ ထွက်ပြေးတိမ်းရှောင်မည်ကို မြန်မာအာဏာပိုင်များက စိုးရိမ်မှုများ ရှိနေသည်ဟု သိရသည်။

#TachileikNewsAgency