ဂျပန်ကျွန်းစုတဝိုက် ရုရှားနှင့် တရုတ်သင်္ဘောများ သွားလာမှုများနေခြင်းကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန သတိထား‌ စောင့်ကြည့်နေ 

ဂျပန်ကျွန်းစုတဝိုက် ရုရှားနှင့် တရုတ်သင်္ဘောများ သွားလာမှုများနေခြင်းကို ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန သတိထား‌ စောင့်ကြည့်နေ 
By Mr John

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း Tsushima ရေလက်ကြားကို စစ်သင်္ဘော (၃)စီး အပါအဝင် ရုရှားသင်္ဘော (၆)စီး ဖြတ်သန်းသွားခဲ့ကြောင်းနှင့် ထိုသင်္ဘောအုပ်စုမှာ အရှေ့တရုတ်ပင်လယ်မှ ဂျပန်ပင်လယ်ပြင်  မြောက်ဘက်ကို ဦးတည်သွားခဲ့ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီ (၂၀) ရက်နေ့တွင် ပြောသည်။

ထို့အတူ ဧပြီ (၂၀) ရက်နေ့က  တရုတ်ရေတပ်၏ ကင်းထောက်ရေယာဥ်တစ်စီး အရှေ့တရုတ်ပင်လယ်မှ ပစိဖိတ်သမုဒ္ဒရာသို့ ဂျပန်အနောက်တောင်ပိုင်း Amami-Oshima ကျွန်းအနီးမှ ဖြတ်သန်းသွားခဲ့သည်ဟုလည်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။



ဂျပန်ကျွန်းစုတဝိုက် ရုရှားနှင့် တရုတ်သင်္ဘောများ လှုပ်ရှားသွားလာမှု မြင့်တက်လာကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက မြင်တွေ့ထားမှုအပေါ် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတိထားနေကြောင်း သိရသည်။

ဧပြီ (၁၉) ရက်နေ့ နံနက် (၉)နာရီဝန်းကျင်က Danjo ကျွန်းစု၏ အနောက်ဘက် မိုင် (၅၀) ခန့်အကွာတွင် ဂျပန် ရေကြောင်းခုခံကာကွယ်ရေးတပ်ဖွဲ့က ရုရှားသင်္ဘောများကို တွေ့ရှိခဲ့ပြီး အဆိုပါ သင်္ဘောအုပ်စုက ဂျပန်နိုင်ငံ ကျူရှူးကျွန်းနှင့် တောင်ကိုရီးယားနိုင်ငံကြားရှိ Tsushima ရေလက်ကြားကို ဖြတ်သန်းသွားခဲ့သည်။



သင်္ဘောအုပ်စုတွင် ဖျက်သင်္ဘောတစ်စီး အပါအဝင် စစ်သင်္ဘော (၃)စီးနှင့် ရုရှား စွမ်းအင်ကုမ္ပဏီ Gazprom PJSC ၏ သင်္ဘော (၃)စီး ပါဝင်ကြောင်း ဂျပန်ကာကွယ်ရးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

"ရုရှား ပုဂ္ဂလိကပိုင် သင်္ဘောတွေက စစ်သင်္ဘောတွေနဲ့အတူ သွားလာတာ ရှားပါတယ်" ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Gazprom PJSC ၏ သင်္ဘော (၃)စီးအနက် ရုရှားမှ ဂျာမနီသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်ရန် Nord Stream 2 ပိုက် လိုင်းစီမံကိန်းတွင် ပါဝင်လုပ်ကိုင်နေသည့် Akademik Cherskiy ပိုက်လိုင်းချသင်္ဘောလည်း ပါရှိသည်ဟု ဆိုသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် Nord Stream 2 သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။



Source: Japan Times