မြန်မာ့စစ်အာဏာသိမ်းခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအဝေးတက်မည်

မြန်မာ့စစ်အာဏာသိမ်းခေါင်းဆောင် အာဆီယံထိပ်သီးအစည်းအဝေးတက်မည်

၂၀၂၁ ခုနှစ် ဧပြီလ (၂၄) ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ၌ ကျင်းပမည့် အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို မြန်မာ့စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားတက်မည်ဖြစ်ကြောင်း အာဏာသိမ်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိ ဗိုလ်ချုပ်ဇော်မင်းထွန်း က ဂျပန်သတင်းဌာနဖြစ်သည့် Nikkei Asia သတင်းဌာနသို့ ဧပြီလ (၂၁)ရက်နေ့၌ အတည်ပြုပြောကြားထားသည်။

အိမ်နီးချင်းနိုင်ငံများ၏ တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်လာနေသည့်  မြန်မာ့စစ်အာဏာသိမ်းမှုအရေးနှင့်ပတ်သက်၍ အာဆီယံခေါင်းဆောင်များ၏ မျက်နှာချင်းဆိုင် အထူးအစည်းအဝေးသို့ တက်ရောက်ခြင်းမှာ  အာဏာသိမ်းခေါင်းဆောင်၏ အာဏာသိမ်းပြီး ပထမဆုံးအကြိမ် နိုင်ငံပြင်ပထွက်မည့် ခရီးဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်က အာဏာသိမ်းခြင်းအကြောင်းကို အာဆီယံခေါင်းဆောင်များအား ပြောကြားဖွယ်ရှိသည်ဟု ခန့်မှန်းထားကြပြီး ထိုင်းဝန်ကြီးချုပ်က အဆိုပါအစည်းအဝေးကို ကိုယ်တိုင်မတက်ဘဲ ဒုဝန်ကြီးချုပ်ကို စေလွှတ်မည်ဟု သိရသည်။

ဒေသတွင်း တည်ငြိမ်မှုကိုပါ ထိခိုက်နေရသည့် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအနေဖြင့် နိုင်ငံတစ်ခုစီ၏ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ဟူသည့်မူကို လက်ကိုင်ထားရန် မဖြစ်နိုင်တော့ကြောင်း ထောက်ပြဝေဖန်မှုများလည်း ကြုံနေရခြင်းဖြစ်ပြီး အာဆီယံထိပ်သီးခေါင်းဆောင်များအနေဖြင့် ကိုဗစ် ၁၉ ကြောင့် ပြင်ပအစည်းအဝေးများ ရှောင်နေရသည့်တိုင် မြန်မာ့အရေးကို ပြင်ပအစည်းအဝေးတွင် ထိပ်သီးခေါင်းဆောင်များ ကိုယ်တိုင်တွေ့၍ ဆွေးနွေးဆုံးဖြတ်ကြရန် အင်ဒိုနီးရှားသမ္မတက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံတွင်း စစ်အာဏာသိမ်းခံရမှုအတွင်း ၎င်းတို့၏ နိုင်ငံသားနှင့် နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်းများ မထိခိုက်စေရေးမှအပ နှုတ်ဆိတ်နေသည့် အိမ်နီးချင်း တရုတ်နိုင်ငံကလည်း မြန်မာစစ်အာဏာသိမ်းအဖွဲ့အား ကုလလုံခြုံရေးကောင်စီအထိ ရုရှားနှင့်အတူ အကာအကွယ်ပေးနေပြီး အာဆီယံအနေဖြင့် ကြားဝင်ညှိနှိုင်းရန် တောက်လျှောက်တိုက်တွန်းနေခြင်းဖြစ်သည်။

Ref; Nikkei Asia