ရုရှား သမ္မတ ပူတင်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုသူတစ်ဦး နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် (၂၅) နှစ် ချမှတ်ခံရ

ရုရှား သမ္မတ ပူတင်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုသူတစ်ဦး နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ထောင်ဒဏ် (၂၅) နှစ် ချမှတ်ခံရ
By Mr John

ရုရှားနိုင်ငံတွင် သမ္မတ ဗလာဒီမာ ပူတင် နှင့် အစိုးရကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုသူ ဗလာဒီမာ ကာရာမူမာဇာအား မော်စကိုမြို့ရှိ တရားရုံးတစ်ရုံးက ဧပြီလ (၁၇) ရက်နေ့တွင် ထောင်ဒဏ် (၂၅) နှစ် ချမှတ်လိုက်ရာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ဝေဖန်သူတစ်ဦးကို ချမှတ်လိုက်သည့် အပြင်းထန်ဆုံး ပြစ်ဒဏ်ဖြစ်လာခဲ့သည်။



၎င်းကို နိုင်ငံတော်သစ္စာဖောက်မှုနှင့် အခြား ပြစ်မှုများဖြင့် တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်ပြီး ကာရာမူဇာကမူ အပြစ်မရှိကြောင်း ငြင်းဆိုထားသည်။ 

ကလေး (၃) ဦး၏ ဖခင်နှင့် အတိုက်အခံ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ အသက် (၄၁) နှစ်အရွယ် ကာရာမူဇာမှာ ရုရှားနှင့်ဗြိတိန် ပတ်စ်ပို့ (၂) ခု ကိုင်ဆောင်ထားသူဖြစ်ပြီး သမ္မတပူတင်ကို နှစ်များအကြာ ဝေဖန်လာခဲ့သူဖြစ်သည်။

၎င်းသည် ရုရှားအစိုးရနှင့် ဆက်နွယ်သူများကို လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အနောက်အုပ်စု အစိုးရများအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ရန် ထောက်ခံပြောဆိုခဲ့သူလည်း ဖြစ်သည်။

ရုရှားက ယူကရိန်းတွင် ၎င်းတို့ ပြောဆိုနေသည့် အထူးစစ်ဆင်ရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက် အမှားများ ဖြန့်ဝေခဲ့ပြီးနောက် ကာရာမူဇာကို နိုင်ငံတော်သစ္စာဖောက်မှု၊ ရုရှားစစ်တပ်ကို ဂုဏ်သိက္ခာထိခိုက်စေမှုနှင့် အခြားပြစ်မှုများဖြင့် အစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီး ထောင်ဒဏ် (၂၅) နှစ် ချမှတ်ရန် တရားရုံးကို တောင်းဆိုလျှောက်လဲခဲ့ကြောင်း သိရသည်။

အဖမ်းမခံရမီ နာရီပိုင်းအလိုတွင် CNN သတင်းဌာနှင့် အင်တာဗျူး၌ ရုရှားနိုင်ငံကို လူသတ်သမားများအစိုးရက စီမံအုပ်ချုပ်နေသည်ဟု ကာရာမူဇာက ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့သည်။ 

ရုရှားက ယူကရိန်းတွင် အရပ်သားများကို ဗုံးကြဲတိုက်ခိုက်နေကြောင်းလည်း ကာရာမူဇာက အမေရိကန်နှင့် ဥရောပတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများတွင် ပြောဆိုခဲ့ကြောင်း သိရသည်။ 

တရားရုံးက ၎င်းကို ထောင်ဒဏ် (၂၅) နှစ် ပြစ်ဒဏ်ချမှတ်ကြောင်း စီရင်ချက်ကို ဖတ်ကြားစဥ် ကာရာမူဇာက တည်တည်ငြိမ်ငြိမ်ဖြင့် နားထောင်နေခဲ့ပြီး "ရုရှားနိုင်ငံ လွတ်လပ်လိမ့်မည်" ဟု လူသိများသော အတိုက်အခံ ဆောင်ပုဒ်ကို ပြောခဲ့သည်။ 

ကာရာမူဇာက တရားရုံးတွင် ၎င်းကို တရားသေလွှတ်ပေးရန် လျှောက်လဲခြင်းမပြုဘဲ  ငြင်းဆန်ခဲ့ပြီး ၎င်းပြောခဲ့သမျှအတွက် ဂုဏ်ယူသည်ဟု ပြောခဲ့သည်။

ကာရာမူဇာ၏ အဖွဲ့ကမူ ဧပြီလ (၁၇) ရက် တရားရုံး၏ ဆုံးဖြတ်စီရင်ချက်မှာ ဥပဒေနှင့် မကိုက်ညီကြောင်းနှင့် အယူခံဝင်သွားမည်ဟု ဆိုသည်။ 

ကာရာမူဇာကို ပြစ်ဒဏ်ချမှတ်လိုက်သည့် တရားရုံးဆုံးဖြတ်ချက်ကို ရုရှားအစိုးရက မှတ်ချက်မပေးခဲ့ကြောင်း သိရသည်။



Source: Reuters