လွှတ်တော်တက်နေစဥ် ဖုန်းထဲတွင် လူကြီးကြိုက် ဇာတ်ကားများ ကြည့်ခဲ့မိသည့် ဗြိတိသျှလွှတ်တော်အမတ် နှုတ်ထွက်

လွှတ်တော်တက်နေစဥ် ဖုန်းထဲတွင် လူကြီးကြိုက် ဇာတ်ကားများ ကြည့်ခဲ့မိသည့် ဗြိတိသျှလွှတ်တော်အမတ် နှုတ်ထွက်
By Mr John

 ဗြိတိန်တွင် လွှတ်တော်အမတ်တစ်ဦးက လွှတ်တော်တက်နေစဥ် ဖုန်းထဲတွင် ညစ်ညမ်းဗီဒီယို နှစ်ကြိမ်ကြည့်ခဲ့မိကြောင်း ဝန်ခံခဲ့ပြီးနောက် အမတ်အဖြစ်မှ နှုတ်ထွက်သွားကြောင်း သိရသည်။

နီးလ်ပါရစ်ရှ် အမည်ရှိ လွှတ်တော်အမတ်မှာ ၂၀၁၀ ခုနှစ်ကတည်းက အင်္ဂလန်အနောက်တောင်ပိုင်း ဒီဗွန်ခရိုင် Tiverton and Honiton မဲဆန္ဒနယ်ကိုယ်စားပြု လွှတ်တော်အမတ်လည်း ဖြစ်သည်။



လွှတ်တော်ထဲတွင် ညစ်ညမ်းဗီဒီယို ကြည့်ခဲ့မိကြောင်း ဝန်ခံခဲ့သည့် ပါရစ်ရှ်ကို ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်၏ ကွန်ဆာဗေးတစ်ပါတီကလည်း ဧပြီ (၂၉) ရက်တွင် ပါတီဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့သည်။

ဧပြီ (၃၀) ရက်နေ့တွင် အမတ်အဖြစ်မှ နှုတ်ထွက်သွားသည့် ပါရစ်ရှ်က ရှုးမိုက်သည့်အခိုက်အတန့်တွင် လွှတ်တော်အတွင်း  ညစ်ညမ်းဗီဒီယို ကြည်ခဲ့မိသည်ဟု ဆိုသည်။

၎င်းက ပထမတစ်ကြိမ်တွင် လွှတ်တော်အတွင်းရှိနေစဥ် ထွန်စက်ဝက်ဘ်ဆိုက်တစ်ခု ရှာဖွေရင်း မတော်တဆ ညစ်ညမ်းဗီဒီယိုဝက်ဘ်ဆိုက်ကို ရောက်သွားပြီးနောက် ကြည်ခဲ့မိပြီး ဒုတိယအကြိမ်တွင်မူ ထိုဝက်ဘ်ဆိုက်ကို တမင်သွားရောက်ပြီး ကြည့်ခဲ့ခြင်းဖြစ်ကြောင်း ပါရစ်ရှ်က ဝန်ခံခဲ့သည်။

လွှတ်တော်အတွင်း ပါရစ်ရှ်အနီးတွင်ရှိခဲ့သည့် အမျိုးသမီးနှစ်ဦးက ၎င်းသည် ဖုန်းထဲမှာ  ညစ်ညမ်းဗီဒီယိုကြည့်နေခဲ့သည်ကို သူမတို့ တွေ့ခဲ့ရကြောင်း ပြောဆိုခဲ့ကြသည်။



BBC South West သတင်းဌာနနှင့် သီးသန့်အင်တာဗျူးရာတွင် ပါရစ်ရှ်က "အခြေအနေက အထူးအဆန်းကြီးပါပဲဗျာ။ ကျွန်တော်ရှာနေခဲ့တာ ထွန်စက်တွေဗျ။ နာမည် အရမ်းဆင်တူ တခြားဝက်ဘ်ဆိုက်တစ်ခုကို ကျွန်တော် ရောက်သွားခဲ့ပြီး  အဲဒီမှာ ကျွန်တော် ခဏကြည့်ခဲ့မိတယ်။ ကျွန်တော် မလုပ်သင့်တဲ့ဟာပါပဲ။ ဒါပေမဲ့ ကျွန်တော်ရဲ့ပြစ်မှု အကြီးဆုံးပြစ်မှုကတော့ နောက်တစ်ခါမှာ ကျွန်တော် အဲဒီဝက်ဘ်ဆိုက်ကို ဒုတိယအကြိမ် သွားကြည့်ခဲ့တာပဲ" ဟု ပြောသည်။

လွှတ်တော်တွင် မဲပေးရန် ထိုင်စောင့်နေစဥ်အတွင်း ထိုဝက်ဘ်ဆိုက်ကို တမင်သွားရောက်ပြီး ဒုတိယအကြိမ် ကြည့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဝန်ခံခဲ့သည်။



၎င်းလုပ်ခဲ့သည့်အရာမှာ လုံးဝ လုံးဝ အမှားဖြစ်ကြောင်း ပါရစ်ရှ်က ပြောသည်။

"ကျွန်တော် ဒီအမှားကြီးနဲ့ လက်ကျန် ဘဝတစ်လျှောက်လုံး နေသွားရတော့မှာပါ။ ကျွန်တော် ကြောက်စရာကောင်းတဲ့ အမှားကြီး လုပ်ခဲ့မိပြီး ကမ္ဘာကိုပြောပြဖို့ ကျွန်တော် ဒီကိုရောက်နေတာပါ" ဟု ပါရစ်ရှ်က BBC South West နှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

"ကျွန်တော်မှားခဲ့တယ်။ မိုက်မဲခဲ့တယ်။ ကျွန်တော် အသိစိတ်လွတ်ခဲ့တယ်" ဟု ၎င်းက ဖွင်ဟခဲ့သည်။



Source: BBC, Reuters