ပူတင်၏ အရင်းနှီးဆုံး မဟာမိတ် ယူကရိန်းနိုင်ငံရေးသမား ဝရမ်းပြေးကို ဖမ်းဆီးရမိကြောင်း လုံခြုံရေးဌာန ထုတ်ပြန်

ပူတင်၏ အရင်းနှီးဆုံး မဟာမိတ် ယူကရိန်းနိုင်ငံရေးသမား ဝရမ်းပြေးကို ဖမ်းဆီးရမိကြောင်း လုံခြုံရေးဌာန ထုတ်ပြန်
By Mr John

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အရင်းနှီးဆုံး မဟာမိတ်ဖြစ်သူ ဝရမ်းပြေး နိုင်ငံရေးသမား ဗစ်တာမက်ဗက်ချော့ခ်ကို ဧပြီ (၁၂) ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယူကရိန်းအစိုးရက ထုတ်ပြန်သည်။

ယူကရိန်းလုံခြုံရေးဌာန SBU က ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတစ်ပုံတွင် ယူကရိန်းစစ်တပ်ဝတ်စုံ ဝတ်ဆင်ထားပြီး လက်ထိပ်ခတ်ခံထားရသည့် မက်ဗက်ချော့ခ်ကို တွေ့ရသည်။ ၎င်းကို နိုင်ငံတော်သစ္စာဖောက်မှု သံသယဖြင့် ကိဗ်မြို့တော်တွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ရာမှ ဖေဖေါ်ဝါရီ (၂၄) ရက် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။



အသက် (၆၇) နှစ်အရွယ် မက်ဗက်ချော့ခ်ကမူ နိုင်ငံတော်သစ္စာဖောက်မှု စွပ်စွဲချက်နှင့် ပတ်သက်ပြီး မည်သည့်အမှားမျှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းဆိုထားခဲ့သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဧပြီ (၁၂) ရက်တွင် ထုတ်လွှင့်သည့် ၎င်း၏ ညစဥ် ဗီဒီယိုမိန့်ခွန်းအတွင်း မက်ဗက်ချော့ခ်နှင့် ရုရှားက ဖမ်းဆီးထားသည့် ယောက်ျားလေးများနှင့် မိန်းကလေးများကို အလဲအလှယ်လုပ်ရန် ကမ်းလှမ်းခဲ့သည်။

မက်ဗက်ချော့ခ်ကို SBU ၏ အထူးစစ်ဆင်ရေးတစ်ခုအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အစောပိုင်းမှာ သမ္မတဇီလန်စကီးက Facebook တွင် ရေးသားထားခဲ့သည်။



"ခင်ဗျားက ရုရှားလိုလားတဲ့ နိုင်ငံရေးသမားနဲ့ ကျူးကျော်တဲ့နိုင်ငံအတွက် နှစ်များနဲ့ချီ အလုပ်လုပ်ခဲ့သူ ဖြစ်နိုင်တယ်။ ခင်ဗျား တရားမျှတမှုကနေ ပုန်းရှောင်နေနိုင်ခဲ့မယ်။ ခင်ဗျားက ယူကရိန်းစစ်တပ်ယူနီဖောင်းကိုတောင် ပုံဖျက်ဖို့အတွက် ဝတ်ဆင်နိုင်တယ်။ ဒါပေမဲ့ ဒါက ပြစ်ဒဏ်ကနေလွတ်မြောက်အောင် ကူညီမလား? လုံးဝမဟုတ်ပါဘူး။ ခင်ဗျားကို လက်ထိတ်တွေက စောင့်နေတယ်။ ယူကရိန်းကို သစ္စာဖောက်သူတွေ ခင်ဗျားလိုပဲ ကြုံရမယ်" ဟု လုံခြုံရေးဌာန SBU က ထုတ်ပြန်ချက်တွင် ပြောထားသည်။



မက်ဗက်ချော့ခ်သည် ချမ်းသာကြွယ်ဝသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ရုရှားလိုလားသည့် Opposition Platform - For Life နိုင်ငံရေးပါတီကို ဦးဆောင်သူဖြစ်သည်။

ရုရှားသမ္မတပူတင်က မက်ဗက်ချော့ခ် သမီး၏ ခေါင်းကိုင်ဖခင်လည်းဖြစ်သည်ဟု ဆိုသည်။ မက်ဗက်ချော့ခ် ဖမ်းဆီးခံရမှုသတင်းနှင့် ပတ်သက်ပြီး စစ်ဆေးနေကြောင်း ရုရှားဘက်က ဧပြီ (၁၂) ရက်နေ့တွင် ပြောခဲ့သည်။

"ယူကရိန်းဘက်ကနေ အလွန်များပြားတဲ့ အတုအယောင်တွေ ထွက်လာနေတာကြောင့် အခုအချိန်မှာ အားလုံးကို မှန်၊ မမှန် စစ်ဆေးဖို့လိုတယ်" ဟု သမ္မတပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီပက်စ်ကော့ဗ်က ပြောသည်။



မက်ဗက်ချော့ခ်က ဘယ်သူလဲ?

ချမ်းသာကြွယ်ဝသည့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သူ မက်ဗက်ချော့ခ်က ရုရှားသမ္မတပူတင်နှင့် နီးကပ်သည့်ဆက်ဆံရေးရှိထားသည်။ မက်ဗက်ချော့ခ်သည် ရုရှားအစိုးရနှင့် ဆက်သွယ်ရေးတွင် အရေးပါသူဖြစ်တာကြောင့်လည်း ၎င်းကို ယူကရိန်းနိုင်ငံရေးအသိုင်းအဝိုင်းကြား နှစ်နဲ့ချီကြာ သည်းခံဆက်ဆံခဲ့ကြသည်ဟု ဆိုသည်။ ထို့အပြင် မက်ဗက်ချော့ခ်က ယူကရိန်းအရှေ့ပိုင်းနယ်မြေတွေကို သိမ်းပိုက်ထားသည့် ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေနှင့် စေ့စပ်ဆွေးနွေးသူအဖြစ် အရေးပါသည့် အခန်းကဏ္ဍကနေ ပါဝင်ခဲ့သည်။



မက်ဗက်ချော့ခ်ကို ရုရှားသမ္မတပူတင်နှင့်အတူ ဓာတ်ပုံများထဲတွင် မကြာခဏ တွေ့ရလေ့ရှိသည်။ ၎င်းတို့နှစ်ဦး အခါအားလျော်စွာ တွေ့ဆုံလေ့ရှိကြောင်း ပူတင်က ၂၀၁၉ ခုနှစ်အတွင်း ပြောခဲ့ဖူးသည်။

"ကျွန်တော်တို့ အရမ်းရင်းနှီးတယ်လို့ မပြောပါဘူး။ ဒါပေမဲ့ အချင်းချင်း ကောင်းကောင်းသိကြပါတယ်" ဟု ရုရှားသမ္မပူတင်က ရုပ်ရှင်ရိုက်ကူးသူ Oliver Stone ကို ပြောသည်။

မက်ဗက်ချော့ခ်ကို နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်ဖြင့် ၂၀၂၁ ခုနှစ် မေလအတွင်း ယူကရိန်းအစိုရက နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။



Source: BBC