မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က သမီးဖြစ်သူကို အများပြည်သူမြင်ကွင်းတွင် ပထမဆုံးအကြိမ် ပွဲထုတ် 

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က သမီးဖြစ်သူကို အများပြည်သူမြင်ကွင်းတွင် ပထမဆုံးအကြိမ် ပွဲထုတ် 
နိုဝင်ဘာ 21, 2022 | နိုင်ငံတကာသတင်း
By Mr John

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က ၎င်း၏သမီးဖြစ်သူကို အများပြည်သူမြင်ကွင်းတွင် ပထမဆုံးအကြိမ် ပွဲထုတ်လာခဲ့ရာ သမီးရှိသည်ဟု ကာလရှည်ကြာ ထွက်ပေါ်နေခဲ့သည့် ကောလာဟလသတင်းများ အမှန်ဖြစ်လာသည်။

နိုဝင်ဘာလ (၁၈) ရက်နေ့က တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် Intercontinental Ballistic Missile (ICBM) အသစ်တစ်မျိုး စမ်းသပ်ပြသမှုကို ကြည့်ရှုစစ်ဆေးစဥ်ရာတွင် ကင်မ်ဂျုံအန်ကို သမီးဖြစ်သူနှင့်အတူ တွေ့ရသည်။

ကင်မ်ဂျုံအန်၏ သမီးကို Kim Chu-ae ဟု အမည်ပေးထားကြောင်း ယူဆရသည်။ 

ကင်မ်ဂျုံအန်က သမီးဖြစ်သူနှင့်အတူ ICBM ဒုံးကျည်အသစ် စမ်းသပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရသတင်းဌာန KCNA သတင်းဓာတ်ပုံ ထုတ်ပြန်ဖော်ပြခဲ့သည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်မှာ ကမ္ဘာ့အလျှို့ဝှက်ဆုံး နိုင်ငံ့ခေါင်းဆောင်များတွင် ပါဝင်ပြီး ၎င်း၏ ကိုယ်ရေးကိုယ်တာဘဝကို အလွန် လူသိနည်းသည်။

ကင်မ်ဂျုံအန်၏ ဇနီးဖြစ်သူကိုပင် အများပြည်သူမြင်ကွင်းတွင် အလွန်တွေ့ရခဲပြီး သမီးကိုမူ ယခင် တွေ့မြင်ခဲ့ရခြင်း မရှိပေ။ 

ကင်မ်ဂျုံအန်သားအဖက လက်ချင်းချိတ်လျက် အစိုးရအရာရှိများနှင့် စကားစမည်ပြောပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို ကြည့်ရှုခဲ့ကြသည်ကို KCNA က ထုတ်ပြန်ခဲ့သည့် သတင်းဓာတ်ပုံများတွင် တွေ့ရသည်။ 

အဆိုပါ တိုက်ချင်းပစ်ဒုံးကျည်မှာ အမေရိကန်ပြည်မကြီးအထိ ရောက်ရှိနိုင်ကြောင်း ဂျပန်နိုင်ငံက ဆိုသည်။

ဝါရှင်တန်အခြေစိုက် Stimson Center မှ မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူ Michael Madden ၏ အဆိုအရ ကင်မ်ဂျုံအန်၏ သမီးဖြစ်သူမှာ အသက် (၁၂) နှစ် (၁၃) နှစ်ကြား အရွယ်ဖြစ်ကြောင်း သိရသည်။ 

သမီးကို လူမြင်ကွင်းတွင် ပွဲထုတ်လာခြင်းမှာ ကင်မ်ဂျုံအန်က ၎င်းတို့၏ စတုတ္တမြောက်မျိုးဆက်က အာဏာဆက်လက်ရယူသွားမည်ဟု ပြသလိုက်သည့် နည်းလမ်းဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း နိုင်ငံ၏ အမျိုးသားနေ့အခမ်းအနား ဗီဒီယိုတစ်ခုတွင် ကင်မ်ဂျုံအန်၏သမီး Kim Chu-ae ပါဝင်ခဲ့ကြောင်း မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူများက ပြောခဲ့ကြသည်။ 

သို့သော် ထိုစဥ်က ပြောဆိုမှုများမှာ ခန့်မှန်းချက်ဖြစ်ခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင်၏ သမီးဖြစ်ကြောင်း အတည်မပြုနိုင်ခဲ့ဟု ဆိုသည်။

နိုဝင်ဘာလ (၁၈) ရက်နေ့က ICBM ဒုံးကျည်သစ် စမ်းသပ်မှုကို လာရောက်ကြည့်ရှုရာတွင်မူ ပထမဆုံးအကြိမ် ကင်မ်ဂျုံန်ကို ဇနီးနှင့် သမီးဖြစ်သူတို့နှင့်အတူ အများပြည်သူမြင်ကွင်း၌  တွေ့ခဲ့ကြရသည်။ 

အမေရိကန်ဘတ်စကက်ဘော ကစားသမားဟောင်း Dennis Rodman က မြောက်ကိုရီးယားသို့ အငြင်းပွားဖွယ်ရာ ခရီးစဥ်သွားရောက်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ်အတွင်း ကင်မ်ဂျုံအန်တွင် သမီးရှိကြောင်း ပထမဆုံးအကြိမ် သတင်းထွက်ပေါ်လာခဲ့သည်။

မြောက်ကိုရီးယားခရီးစဥ်အတွင်း ကင်မ်ဂျုံအန်မိသားစုနှင့်အတူ ပင်လယ်ကမ်းခြေတွင် အပန်းဖြေခဲ့ကြောင်းနှင့် ၎င်းတိုထံတွင် Kim Chu-ae အမည်ရှိ သမီးရှိကြောင်း Dennis Rodman က ပြောခဲ့သည်။ 

ကင်မ်ဂျုံအန်တွင် ကလေး (၃) ဦးအထိရှိနိုင်ပြီး မိန်းကလေး (၂) ဦးနှင့် ယောက်ျားလေး (၁) ဦးဖြစ်ကြောင်းနှင့် Kim Chu-ae မှာ အကြီးဆုံးဖြစ်သည်ဟု မြောက်ကိုရီးယားအရေး ကျွမ်းကျင်သူများက ယူဆထားကြသည်။

Source: CNN, BBC

Photo: KCNA, REUTERS