မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်ခွင့် မရသည့်  (၃၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး စတင်ကျင်းပ

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် တက်ရောက်ခွင့် မရသည့်  (၃၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး စတင်ကျင်းပ
အောက်တိုဘာ 26, 2021 | နိုင်ငံတကာသတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရသည့်  (၃၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေအား ယနေ့ အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းက စ၍ ကျင်းပနေပြီဖြစ်သည်။

 မြန်မာနေရာတွင် Myanmar ဟုသာ စာတမ်းထိုးပေးထား

အဆိုပါ အစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့်  နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ကိုသာ ဖိတ်ကြားသည့်အတွက်  အဆင့်အတန်းကို နှိမ့်ပြီး ဖိတ်ကြားလာသည်ဟုဆိုကာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သို့မဟုတ် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရ၍ ဖိတ်ကြားခံရသူကိုပါ အာဏာသိမ်းအဖွဲ့က မတက်ခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ ကျင်းပနေသည့် အာဆီယံထိပ်သီးအစည်းအဝေးအား video conferencing စနစ်ဖြင့် ကျင်းပနေရာ မြန်မာနေရာတွင် Myanmar ဟုသာ စာတမ်းထိုးပေးထားပြီး ကျန်သည့် မြင်ကွင်းများတွင် သက်ဆိုင်ရာ နိုင်ငံအလိုက် အကြီးအကဲများ၏ ပုံများ ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါ အစည်းအဝေးအား  မြန်မာနိုင်ငံဘက်က တက်ရောက်နိုင်ရန် မြန်မာနိုင်ငံ့အကြီးအကဲ သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ တစ်ဦးဦးကို  ဖိတ်ကြားမှသာ အစည်းအဝေးကို လက်ခံ တက်ရောက်နိုင်မည်ဟု အာဏာသိမ်းအဖွဲ့က အောက်တိုဘာလ(၂၅)ရက်နေ့က သတင်းထုတ်ပြန်ထားသည်လည်း ရှိသည်။  

အာဆီယံအစည်းအဝေး မကျင်းပမီ တစ်ရက်အလိုဖြစ်သည့် အောက်တိုဘာလ(၂၅)ရက်နေ့ကလည်း နေပြည်တော် အပါအဝင် မြို့ကြီးအချို့တွင် အာဏာသိမ်းစစ်တပ်က "အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် မြန်မာ့တပ်မတော်ထောက်ခံပွဲ"များကို ပုံဖော်လုပ်ဆောင်ခဲ့သေးသည်။ 

အာဏာသိမ်းစစ်တပ်သည် ပြည်သူ့အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ကာ ရက်ပေါင်း (၂၆၀)ကျော်အတွင်း ပြည်သူပေါင်း (၁၁၀၀)ကျော် သတ်ဖြတ်ခံထားရသလို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည် စသည့် နိုင်ငံ့ခေါင်းဆောင်များကို အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးချုပ်နှောင်ထားသည့်အပြင် စစ်တပ်ကို အလိုမရှိ၍ ဆန့်ကျင်သူများကိုပါ ဖမ်းဆီးထောင်ချနေခြင်း ဖြစ်သည်။ 

 

Photo: vietnamplu, newsdirectory3