ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရ ထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းလွှတ်ပေးရန် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရ ထိန်းသိမ်းထားသူအားလုံးကို ချက်ချင်းလွှတ်ပေးရန် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးကို ၂၀၂၁ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးရန် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်သည်။



“မနက်ဖြန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအထူးအစည်းအဝေး ဗီဒီယိုကွန်ဖရင့်မှာ မြန်မာစစ်တပ်တာဝန်ရှိသူတွေရဲ့ ကိုယ်စားလှယ်ဆီက နားထောင်ကြည့်ရပါမယ်”ဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က လွှတ်တော်တွင် မတ်လ (၁) ရက်နေ့က ပြောကြားသည်။



မြန်မာစစ်တပ်အနေဖြင့် အင်အားသုံး၍ သွေးထွက်သံယိုနှိမ်နှင်းမှုများကို ဆက်လက်လုပ်ဆောင်ခြင်းမပြုရန်ကိုလည်း တောင်းဆိုလိုက်သည်။



စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မြန်မာလူထုကို ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တစ်ရက်အတွင်း စစ်တပ်နှင့်ရဲက အင်အားသုံးဖြိုခွင်းမှုကြောင့် လက်နက်မဲ့ပြည်သူ (၁၈) ဦးထက်မနည်း သေဆုံးခဲ့ရခြင်းဖြစ်သည်။



ယင်းအပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီကူးပြောင်းရေးလမ်းကြောင်းပေါ်ပြန်ရောက်ရန် အပါအဝင် ရေရှည်နိုင်ငံရေးအဖြေရှာနိုင်ရေးအတွက် ပါဝင်ပတ်သက်သူအားလုံး စေ့စပ်ညှိနှိုင်းကြရန်ကိုလည်း တိုက်တွန်းလိုက်သည်။



“ဒီလိုလုပ်ဖို့ဆိုတာကလည်း သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအရထိန်းသိမ်းခံရသူအားလုံးကို ချက်ချင်းလွှတ်ပေးမှ ဖြစ်ပါမယ်”ဟု လွှတ်တော်တွင် ပြောကြားသွားသည်။



ပြီးခဲ့သည့်တစ်ပတ်က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးနှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရေး ကနဦးကြိုးပမ်းမှုအဖြစ်လုပ်ဆောင်ခဲ့ရာ စစ်အာဏာသိမ်းမှုကို အာဆီယံနိုင်ငံများအနေဖြင့် လက်ခံဆွေးနွေးမည်ကို မြန်မာ့ဒီမိုကရေစီလိုလားသူများက စိုးရိမ်မကင်းဖြစ်ခဲ့ကြရသည်။

Tachileik News Agency

Source: Bangkok Post