ဝ ဒေသအတွင်း ကာလရှည် Lockdown ကြောင့် ရွှေ့ပြောင်းလုပ်သားများ COVID 19 စစ်ဆေးခနှင့် Quarantine စရိတ်ကြောင့် အခက်တွေ့နေ

ဝ ဒေသအတွင်း ကာလရှည် Lockdown ကြောင့် ရွှေ့ပြောင်းလုပ်သားများ COVID 19 စစ်ဆေးခနှင့် Quarantine စရိတ်ကြောင့် အခက်တွေ့နေ

"ဝ"ဒေသအတွင်း ကာလရှည်ကြာ Lockdown လုပ်ထားစဉ်အတွင်း  COVID 19 စစ်ဆေးခ နှင့်  Quarantine စားရိတ်များကြောင့် ရွှေ့ပြောင်းလုပ်သားများ အခက်အခဲ တွေ့နေကြကြောင်း သိရသည်။

" ဝ ပြည်ထဲ တစ်ချို့ မြို့နယ်တွေမှာက အလကား စစ်ပေးတယ်။ အဓိက က မိုင်းပေါက်နဲ့ ဝိန်းကောင်မှာက  အာခေါင်တို့ဖတ် တစ်ခါစစ်ရင် ယွမ် (၁၅၀)၊ (၁၆၀) ပေးရတယ်။ Quarantine Center တွေမှာ သံသယ လူနာဆိုပြီး ခေါ်သွားပြီး ထားထားရင် ပြန်ထွက်လာရင် စရိတ်ပြန်ပေးရတယ်။ အဲဒါ Lockdown ချထားတာ (၂)လကျော်နေပြီ လူတွေမှာ အလုပ်အကိုင် မရှိတော့ ဘယ်က ပိုက်ဆံရှိမလဲ။ မပေးနိုင်တော့ ဒဏ်ခတ်တာတို့ ဘာတို့ လုပ်တာပေါ့နော်။ ဘယ်လို ဒဏ်ခတ်လဲဆို နေပူထဲမှာ မတ်တပ်ရပ်ခိုင်းတာမျိုး ဒဏ်ပေးတယ်။ ပိုက်ဆံ မရှိဘူးဆိုပြီး သွားမစစ်လို့လည်း မရဘူးပေါ့နော်။ ကျွန်တော်တို့ ဒီလိုဖြစ်နေတာကို ကာပေးမယ့် တာဝန်ရှိသူလည်း မရှိဘူး။ အားကိုးလို့ရမယ့် အာဏာပိုင် အဖွဲ့အစည်းဆိုတာလည်း မရှိဘူး။ ပြန်မယ်ဆိုတော့လည်း လမ်းက မဖွင့်ဘူး။ "ဟု ဝ ဒေသရှိ အမည်မဖေါ်လိုသူတစ်ဦးက Tachileik News Agency သို့ ၂၀၂၂ ခုနှစ် ဧပြီလ၏ ပထမပတ်အတွင်းက ဆက်သွယ်ပြောကြားလာခြင်း ဖြစ်သည်။ 

COVID 19 စစ်ဆေးပြီး သံသယရှိသူများကို Quarentine Center တွင် (၂၁) ရက် နေထိုင်စေရာတွင်လည်း တစ်ဦးလျှင် ယွမ် (၅၀,၀၀)မှ (၇၀၀၀)အထိ စားရိတ်ပေးဆောင်ရကြောင်း သိရသည်။ 

"Q စင်တာတွေမှာလည်း သိပ်အဆင်မပြေဘူး။ ပိုက်ဆံရှိတဲ့သူဆိုရင်တော့ ဟိုတယ်မှာနေလို့ရ။ အဆင်ပြေတယ်။ ပိုက်ဆံရှိရင် အဆင်ပြေတယ်။ ပိုက်ဆံမရှိရင်တော့ အဆင်မပြေဘူး။ ကိုဗစ်စစ်တာကလည်း စစ်တဲ့နမူနာယူတဲ့ဗူးက တစ်ယောက်တစ်ဗူး မဟုတ်ဘူး။ (၅) ယောက်တစ်ဗူး၊ (၅)ယောက်တစ်ဗူးယူတယ်။ အဲဒီထဲက ပိုးတွေ့ရင် အဲဒီ (၅)ယောက်လုံး Q စင်တာဝင်။ "ဟု ဝ ဒေသရှိ အမည်မဖေါ်လိုသူတစ်ဦးက ပြောသည်။

အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ ဝ ဒေသ တာဝန်ရှိသူထံ Tachileik News Agency က ဆက်သွယ်မေးမြန်းထားသော်လည်း ဧပြီလ(၁၂)ရက်နေ့အထိ ပြန်လည်ဖြေကြားလာခြင်း မရှိသေးပေ။

ဝ ဒေသအတွင်း ပန်ခမ်းမြို့တွင်မူ COVID 19 ကူးစက်မှုအခြေအနေ အလွန်ပြင်းထန်နေခြင်းကြောင့် ဆေးဘက်ဝန်ထမ်း လုံလောက်မှုမရှိ၍ စေတနာ့ဝန်ထမ်းများ လိုအပ်နေကြောင်း ဧပြီလ (၆)ရက်နေ့က ခေါ်ယူထားသည်ကိုလည်း တွေ့ရသည်။

ဝ ဒေသတွင်း COVID 19 ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပမှ ဝင်လာသူများအနေဖြင့် ရေရှည်နေထိုင်ခွင့် လက်မှတ်၊ အာခေါင်တို့ဖတ် စစ်ဆေးမှု လက်မှတ်၊ COVID 19 ကာကွယ်ဆေးထိုးနှံခြင်းများကို ပြုလုပ်ကြရမည်ဖြစ်ပြီး တာဝန်ရှိသူများ အနေဖြင့် လုပ်ငန်းရှင်များနှင့် အလုပ်သမားများ၏ အာခေါင်တို့ဖတ် စစ်ဆေးမှုမှတ်တမ်း ပြုလုပ်ကြရမည်ဟု ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။