ကျောက်မဲမြို့တွင် Covid-19 ပိုးတွေ့သူ (၂)ဦး နှင့် ပတ်သက်ပြီး ထိတွေ့သူ အားလုံးကို စစ်ဆေးခြင်း မရှိ

ကျောက်မဲမြို့တွင် Covid-19 ပိုးတွေ့သူ (၂)ဦး နှင့် ပတ်သက်ပြီး ထိတွေ့သူ အားလုံးကို စစ်ဆေးခြင်း မရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဇွန်လ (၂၀)ရက်ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံရပြီး ညမထွက်ရ ဥပဒေချိုးဖေါက်မှုဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ကာ သီပေါ အကျဉ်းထောင်ပို့ခံရသူ နှစ်ဦးထံ ကိုဗစ်ပိုး တွေ့ခဲ့ပြီးနောက် ၎င်းတို့ဆေးကုသခဲ့သည့် ကျောက်မဲဆေးတပ်နှင့် ဌာနဆိုင်ရာများကိုသာ ကိုဗစ်ပိုး စစ်ဆေးပေးခဲ့ပြီး ကျန်သည့် ထိစပ်သူများကို (၃)ရက်ကြာသည်အထိ မည်သည့်ကြပ်မတ်မှုမှ မရှိသေးကြောင်း သိရသည်။

ဖမ်းခံရတဲ့( ပိုးတွေ့သူ) နှစ်ယောက်ရဲ့ မိသားစုတွေနေတဲ့အိမ်က ပုံမှန်အတိုင်း ဝင်ထွက် သွားလာ ရောင်းဝယ် နေကြတုန်းပဲ။ အခြားသူတွေနဲ့ ထပ်ပြီးထိစပ်မှုမရှိအောင် တားမြစ် ထားတာမျိုးမတွေ့ဘူး။ ဒီနေ့အထိ ရပ်ကွက်ထဲမှာ အဲ့လို ကွန်တက်လိုက်ပြီး လာစစ်ဆေး ကြပ်မတ်တာ မရှိဘူး

ဟု သီပေါထောင်ပို့စဉ် ထောင်အဝင်၌ Covid-19 စစ်ဆေးစဉ်က ပိုးတွေ့ခဲ့သူနှစ်ဦး နေထိုင်သည့် အမှတ် ( ၂ )ရပ်ကွက် ရန်ကင်းရပ်တွင် နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၂၃)ရက်နေ့တွင် ပြောသည်။

Covid-19 တွေ့ရှိထားပြီး အကျဉ်းကျနေသည့် အမျိုးသားနှစ်ဦးသည် ဇွန်လ (၂၀)ရက် ည (၉)နာရီခွဲခန့်က ကျောက်မဲမြို့ အမှတ် (၅)ရပ်ကွက်၊ ဘူတာအနီးရှိ ဘီယာဆိုင် တစ်ဆိုင်မှ ပြန်လာစဉ် စစ်ကောင်စီစစ်သားများက သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် ဒဏ်ရာရခဲ့ပြီး ကျောက်မဲ ဆေးတပ်၌ ဆေးကုသခံနေစဉ် ညမထွက်ရအမိန့်ချိုးဖောက်မှုဖြင့် ဖမ်းဆီးခံရကာ ထောင်ဒဏ်တစ်လစီ ကျခံလိုက်ရခြင်းဖြစ်သည်။

သီပေါအကျဉ်းထောင်သို့ ပို့ဆောင်စဉ် ဇွန်လ (၂၂)ရက်က ကိုဗစ်ပိုးရှိ မရှိ စစ်ဆေးခဲ့ရာ နှစ်ဦးစလုံး၌ ကိုဗစ်ပိုး တွေ့သဖြင့် ၎င်းတို့နှင့် ထိစပ်မှုရှိခဲ့သူများအနက် ဆေးတပ်၊ စစ်တပ်၊ ရဲတပ်ဖွဲ့ နှင့် ဥပဒေအရာရှိများကိုသာ ကျောက်မဲကိုဗစ်ကော်မတီနှင့် ကျန်းမာရေးဌာနက ကိုဗစ်ပိုးရှိ မရှိ  ဖြင့် ဇွန်လ (၂၂)ရက်က စစ်ဆေး ပေးခဲ့ပြီး ကျန် ထိစပ်မှုရှိခဲ့သည့် မိသားစုများ၊ ဆေးတပ်သို့ လိုက်ပို့ခဲ့သည့် လူနာတင်ယာဉ်( ယာဉ်ပေါ်ပါဝင်သူများ)၊ ဘီယာဆိုင် နှင့် အခြားထိစပ်သူများကို (၃)ရက်ကြာသည်အထိ ကြပ်မတ် စစ်ဆေးခြင်း မရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် သိန်းနီ၊ လားရှိုး၊ နမ့်လန်၊ တန့်ယန်း၊ မိုင်းရယ်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ နှင့် နောင်ချို မြို့များတွင် ဇွန်လ၏(၁၆)ရက်အတွင်း Covid-19 ပိုးတွေ့လူနာ  စုစုပေါင်း (၂၆၀)ကျော် တွေ့ရှိထားကြောင်း သိရသည်။