မြန်မာ - ထိုင်း စက်ဘီးစီးသမားများ ပါဝင်မည့် တာချီလိတ် - ကျိုင်းတုံ စက်ဘီးစီး ခရီးစဉ်တွင် ပါဝင် စီးလိုသူများ ဆက်သွယ် စာရင်းပေးနိုင်

မြန်မာ - ထိုင်း စက်ဘီးစီးသမားများ ပါဝင်မည့် တာချီလိတ် - ကျိုင်းတုံ စက်ဘီးစီး ခရီးစဉ်တွင် ပါဝင် စီးလိုသူများ ဆက်သွယ် စာရင်းပေးနိုင်
ဒီဇင်ဘာ 7, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မှ ကျိုင်းတုံမြို့သို့ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ  စက်ဘီးသမား (၁၀၀) ပါဝင်မည့် အပျော်တမ်းစက်ဘီးခရီးစဉ်ကို   ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁၅) ရက်မှ (၁၇) ရက်ထိ (၃) ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ရာ ပါဝင်စီးနင်းလိုသူများအနေဖြင့် စာရင်းပေးနိုင်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အစီအစဉ် အပြင် မြန်မာ-ထိုင်း ချစ်ကြည်ရေးအတွက် ရည်ရွယ်ပြီး တာချီလိတ်ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ တာချီလိတ်မြို့ အားကစား အထောက်အကူပြုကော်မတီနှင့် MTB Tachileik တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

"(၁၅) ရက်နေ့ မနက် (၇) နာရီလောက် ရှမ်းရိုးမကွင်းကနေ ထွက်မယ်။ တောက်လျှောက်နင်းသွားမှာပေါ့။ ကျိုင်းတုံထိ နင်းချိန် (၇) နာရီလောက်ကြာမယ်။ (၁၆) ရက်နေ့ ကျိုင်းတုံမြို့ထဲ လည်မယ်။ (၁၇) ရက်နေ့ မနက် ကျိုင်းတုံက ပြန်ထွက်လာမှာပေါ့။ ထိုင်းဖက်က တံတားဖွင့်ချိန်စောင့်ပြီးလာမယ်။ ပြီးရင် ဖွင့်ပွဲလုပ်ပြီးတော့ ထွက်မှာပေါ့"ဟု MTB Tachileik မှ ဦးကျင်လေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စက်ဘီးစီး ခရီးစဉ် စတင်ခြင်းအဖြစ် ဒီဇင်ဘာ (၁၅) ရက်နေ့ နံနက်ပိုင်း ဖွင့်ပွဲကျင်းပရာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့က တက်ရောက် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ် - ကျိုင်းတုံ အပျော်တမ်းခရီးစဉ်တွင် လိုက်ပါစီးနင်းလိုသူများ အနေဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာချီလိတ်ခရိုင်  လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ် ၀၉ ၂၅၀၈၅၉၉၆၄၊ တာချီလိတ် မြို့နယ်အားကစားမှူး ဦးသန်းလှိုင် ဖုန်း ဝ၉၄၂၈၂၁၁၉၆၉ ၊ MTB Tachileik မှ ဦးကျင်လေး ဖုန်း-၀၉ ၅၁၁၄၈၉၅  သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~