အာဏာသိမ်းစစ်ကောင်စီက ရှမ်းအရှေ့ "ဝ"ဒေသမှ လူဦးရေ(၅,၉၀၀)ကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေး

အာဏာသိမ်းစစ်ကောင်စီက ရှမ်းအရှေ့ "ဝ"ဒေသမှ လူဦးရေ(၅,၉၀၀)ကျော်ကို နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေး
မေ 25, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ်အတွင်း "ဝ" ဒေသများမှ လူဦးရေ (၅,၉၀၀) ကျော်ကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးထားသည်ဟု သိရသည်။

 "ဝ"ဒေသများတွင် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၃) ရက်နေ့ကတည်းက လုပ်ပေးနေခြင်းဖြစ်ပြီး မေလ (၂၃) ရက်နေ့တွင် အခမ်းအနားဖြင့် ပေးအပ်သည်ဟု သိရသည်။

မိုင်းဆတ်မြို့နယ်အတွင်းမှ ဝမ်ဟုန်၊ မိုင်းယွန်း၊ မိုင်းထလန်းကျေးရွာများ၊ မိုင်းတုံမြို့နယ်အတွင်းမှ ဟိုပန်၊ ဟွေအော၊ မိုင်းကျွတ်၊ ခိုင်းလုံကျေးရွာမှ လူဦးရေ (၅၉၁၂) ဦးကို နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးထားပြီး အိမ်ထောင်စုစာရင်း (၂,၅၇၂) ခု ထုတ်ပေးထားသည်ဟု သိရသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးက သဘောထားကြေညာချက် ထုတ်ခဲ့ကြသော်လည်း UWSA က သဘောထားကြေညာချက် ထုတ်ပြန်ထားခြင်းမပြုသည်ကို တွေ့ရပြီး "ဝ" ဒေသများတွင်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများမရှိသလောက် ငြိမ်သက်နေသည်ကို တွေ့ရသည်။