ပါကစ္စတန်ဝန်ကြီးချုပ်သစ် အဖြစ် အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ခေါင်းဆောင် ရှရစ်ဖ်ကို ရွေးချယ် ခန့်အပ်

ဝန်ကြီးချုပ်ဖြစ်လာသည့် အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ခေါင်းဆောင် ရှရစ်ဖ်
ဝန်ကြီးချုပ်ဖြစ်လာသည့် အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ခေါင်းဆောင် ရှရစ်ဖ်
ပါကစ္စတန်ဝန်ကြီးချုပ်သစ် အဖြစ် အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ခေါင်းဆောင် ရှရစ်ဖ်ကို ရွေးချယ် ခန့်အပ်
By Mr John

 ပါကစ္စတန်နိုင်ငံတွင် ဝန်ကြီးချုပ် အမ်ရန်ခန်းကို အယုံအကြည်မရှိ အဆိုဖြင့် ဧပြီ (၁၀) ရက်က ရာထူးမှ ဖယ်ရှားခဲ့ပြီးနောက် လွှတ်တော်က ဧပြီ (၁၁) ရက်နေ့တွင် ရှီဘက်ဇ် ရှရစ်ဖ်ကို ဝန်ကြီးချုပ်သစ် အဖြစ် ရွေးချယ်ခန့်အပ်လိုက်ကြောင်း သိရသည်။ 

အမ်ရန်ခန်းကို ဝန်ကြီးချုပ်အဖြစ်မှ ဖြုတ်ချရန်လုပ်ဆောင်ခဲ့သူ အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့ခေါင်းဆောင် ရှရစ်ဖ်က ပါကစ္စတန်လွှတ်တော်တွင် အများစုထောက်ခံမှု ရရှိခဲ့သည်။

အသက် (၇၀) နှစ်အရွယ် ရှရစ်ဖ်က ယခုအခါ အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ပြီဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ရွေးကောက်ပွဲများ ကျင်းပသည့် အချိန်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။ 

ပါကစ္စတန်တွင် သီတင်းပတ်ကြာ နိုင်ငံရေး အားပြိုင်မှုများ ဖြစ်ပေါ်နေခဲ့ပြီးနောက် အသက် (၆၉) နှစ်အရွယ် ဝန်ကြီးချုပ် အမ်ရန်ခန်းကို အယုံအကြည်မ ရှိကြောင်းအဆို လွှတ်တော်၏ မဲခွဲဆုံးဖြတ်မှုဖြင့် ရာထူးမှ ဖယ်ရှားခဲ့သည်။

၎င်းအပေါ် အယုံအကြည် မရှိကြောင်းအဆို မဲခွဲဆုံးဖြတ်မှုကို ဝန်ကြီးချုပ်ခန်းက လွှတ်တော်ဖျက်သိမ်းခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် တောင်းဆိုခြင်းတို့ဖြင့် ဟန့်တားရန်ကြိုးပမ်းခဲ့သော်လည်း တရားရုံးချုပ်က ထိုသို့ ဟန့်တားရန်လုပ်ဆောင်မှုသည် အခြေခံဥပဒေနှင့်မညီကြောင်း ဆုံးဖြတ်ပြီး အယုံအကြည်မရှိအဆိုကို လွှတ်တော်တွင်မဲခွဲမှု ဆက်လက်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

ဝန်ကြီးချုပ်ခန်းကို ရာထူးမှ ဖယ်ရှားလိုက်ပြီးနောက် လွှတ်တော်တွင် ရှရစ်ဖ်ကို ဝန်ကြီးချုပ်သစ်အဖြစ် ထောက်ခံမဲ ၁၇၄ မဲဖြင့် ရွေးချယ်လိုက်ရာ ၎င်းသည် ပါကစ္စတန်နိုင်ငံ၏ (၂၃) ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ 

ဝန်ကြီးချုပ်သစ် ရှရစ်ဖ်သည် ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ်သုံးကြိမ် တာဝန်ယူခဲ့သူ ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ် ရှရစ်ဖ်၏ ညီဖြစ်ပြီး နိုင်ငံ၏ လူဦးရေအထူထပ်ဆုံး ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူလည်း ဖြစ်သည်။

Source: Reuters, BBC