စစ်တပ်၏ ထောက်ခံမှုဖြင့် အာဏာရလာသည့် ပါကစ္စတန်ဝန်ကြီးချုပ်ကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီးနောက် ရာထူးမှ ဖယ်ရှား 

စစ်တပ်၏ ထောက်ခံမှုဖြင့် အာဏာရလာသည့် ပါကစ္စတန်ဝန်ကြီးချုပ်ကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပြီးနောက် ရာထူးမှ ဖယ်ရှား 
By Mr John

 ပါကစ္စတန်လွှတ်တော်တွင် ဝန်ကြီးချုပ် အမ်ရန်ခန်းကို အယုံအကြည် မရှိကြောင်းအဆို မဲခွဲဆုံးဖြတ်မှုအား ဧပြီ (၉) ရက် ညသန်းခေါင်အချိန်တွင် ပြုလုပ်ခဲ့ပြီးနောက် ၎င်းကို ဝန်ကြီးချုပ်အဖြစ်မှ ဖယ်ရှားလိုက်ပြီဖြစ်သည်။ 

၎င်းသည် အယုံအကြည်မရှိ အဆိုဖြင့် မဲခွဲဆုံးဖြတ်ပြီး ရာထူးမှ ဖယ်ရှားခံရသည့် ပထမဆုံး ပါကစ္စတန်ဝန်ကြီးချုပ်လည်း ဖြစ်လာခဲ့သည်။ အတိုက်အခံပါတီများက အဆိုပြုတင်သွင်းခဲ့ကြသည့် ဝန်ကြီးချုပ် ခန်းကို အယုံအကြည်မရှိကြေင်းအဆို မဲခွဲဆုံးဖြတ်ရာတွင် လွှတ်တော်အမတ် ၃၄၂ ဦးအနက် ၁၇၄ ဦးက ထောက်ခံမဲပေးခဲ့ကြသည်။

ခရစ်ကတ်စတား အဖြစ်မှ နိုင်ငံရေးသမားဖြစ်လာသည့် ဝန်ကြီးချုပ်ခန်းက ၎င်းကို ရာထူးမှ ဖယ်ရှားရန်လုပ်ဆောင်မှုမှန်သမျှကို ရင်ဆိုင်ရုန်းကန်သွားမည်ဟု အစောပိုင်းတွင် ကြုံးဝါးထားသည်။ အကယ်၍ ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရပါက အတိုက်အခံ အစိုးရကို အသိအမှတ်ပြုမှာ မဟုတ်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။ ဝန်ကြီးချုပ်ခန်း၏ မဟာမိတ်များက ၎င်းအပေါ် အယုံအကြည်မရှိအဆို မဲခွဲမှုကို ဟန့်တားရန် ကြိုးပမ်းခဲ့ကြသေးသည်။

ထိုသို့ ဟန့်တားရန်ကြိုးပမ်းမှုအပေါ် အတိုက်အခံများက တရားရုံးချုပ်ထံသို့ ဦးတိုက်လျှောက်ထားကာ ကန့်ကွက်ခဲ့ကြသည်။ ထို့နောက် တရားရုံးချုပ်က ဝန်ကြီးချုပ်တစ်ဦးအပေါ် အယုံအကြည်မရှိအဆို မဲခွဲခြင်းကို ဟန့်တားမှုက အခြေခံဥပဒေနှင့်မညီကြောင်း ဆုံးဖြတ်ပြီး လွှတ်တော်တွင် မဲခွဲမှုဆက်လုပ်ရန် ညွှန်ကြားခဲ့သည်။ အသက် (၆၉) နှစ်အရွယ် ဝန်ကြီးချုပ်ခန်းသည် ၂၀၁၈ ခုနှစ်တွင် စစ်တပ်၏ ထောက်ခံမှုနှင့်အတူ အာဏာရလာခဲ့သူ ဖြစ်သည်။

သို့သော် လတ်တလောတွင် ညွှန့်ပေါင်းအစိုးရအဖွဲ့ကနေ မဟာမိတ်များ နှုတ်ထွက်သွားခဲ့ကြရာ ဝန်ကြီးချုပ်ခန်း၏ ပါတီအနေဖြင့် လွှတ်တော်တွင်း အမတ်နေရာအများစု ရရှိထားမှုကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ဝန်ကြီးချုပ်ခန်းက COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးကို ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း အတိုက်အခံပါတီများက ပြောသည်။

ထို့အတူ ပါကစ္စတန်ကို အဂတိကလိုက်စားမှုကင်းသည့် နိုင်ငံဖြစ်စေမည့် ၎င်း၏ ကတိကဝတ်ကို မဖြည့်ဆည်းခဲ့ကြောင်း၊ ကမ္ဘာ့စင်မြင့်ထက်တွင် လေးစားခံရသည့် ကြွယ်ဝချမ်းသာသော နိုင်ငံဖြစ်ရန် မလုပ်ဆောင်ခဲ့ကြောင်း အတိုက်အခံများက ထောက်ပြကြသည်။ လွှတ်တော်တွင် အယုံအကြည်မရှိအဆို မဲခွဲခြင်းမပြုမီကတည်းက ဝန်ကြီးချုပ်ခန်း ရှုံးနိမ့်ဖွယ်ရှိနေကြောင်း ခန့်မှန်းချက်များလည်း ထွက်ပေါ်နေခဲ့သည်။

ယခုအခါ ပါကစ္စတန်လွှတ်တော်က နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်တစ်ဦးကို ရွေးချယ်ခန့်အပ်သွားမည် ဖြစ်သည်။ ထိုဝန်ကြီးချုပ်အသစ်က နောက်တစ်ကြိမ် ရွေးကောက်ပွဲကျင်းပရန် စီစဥ်ထားသည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ အာဏာရရှိထားမည်ဖြစ်ကြောင်း သိရသည်။



Source: BBC, Reuters