ပူတင်၏ သမီးများနှင့် နောက်ထပ် ရုရှားဘဏ်များကို အမေရိကန်က အရေးယူ ပိတ်ဆို့

ပူတင်၏ သမီးများနှင့် နောက်ထပ် ရုရှားဘဏ်များကို အမေရိကန်က အရေးယူ ပိတ်ဆို့
By Mr John

အမေရိကန်အစိုးရက ရုရှားဘဏ်များနှင့် သမ္မတဗလာဒီမာပူတင်၏ အတွင်းစည်းမှ လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ကြောင်း သိရသည်။ ဧပြီ (၆) ရက်တွင် အမေရိကန်က ချမှတ်လိုက်သည့် အရေးယူပိတ်ဆို့မှုများအနက် အမေရိကန်နိုင်ငံသားများ ရုရှားတွင် ရင်းနှီးမြှုပ်နှံမှုကိုလည်း တားမြစ်ပိတ်ပင်ထားသည်။



ရုရှားက ပြုမူခဲ့သည့် ယူကရိန်းနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ်မှုများကို တုံ့ပြန်မှုအဖြစ် အမေရိကန်က အရေးယူပိတ်ဆို့မှုအသစ်များ အလျင်အမြန် ချမှတ်လိုက်ခြင်းလည်း ဖြစ်သည်။ အမေရိကန်၏ အရေးယူပိတ်ဆို့မှုအသစ်များအနက် ရုရှားဘဏ်လုပ်ငန်းပိုင်ဆိုင်မှု စုစုပေါင်း၏ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ထားသည့် Serbank နှင့် နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံး ငွေကြေးအဖွဲ့အစည်းဖြစ်သည့် Alfabank တို့ ပါဝင်ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ပြောသည်။ သို့သော် စွမ်းအင်ကဏ္ဍ ငွေပေးချေမှုများကိုမူ ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။



အမေရိကန်အစိုးရက ရုရှားဘဏ်များအပြင် သမ္မတပူတင်၏ အရွယ်ရောက်ပြီး သမီးနှစ်ဦး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ၏ ဇနီးနှင့် သမီး၊ ရုရှားလုံခြုံရေးကောင်စီ အဖွဲ့ဝင်များကိုလည်း အရေးယူပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းလိုက်သည်ဟု တာဝန်ရှိသူတွေက ပြောသည်။ "ဘူချာမြို့မှာ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ကြီးလေးတဲ့ ချက်ချင်းပေးဆပ်မှုကို ရုရှား ပေးဆပ်ရလိမ့်မယ်ဆိုတာ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောထားတယ်" ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က Twitter တွင် ပြောသည်။



ရုရှားတပ်ဖွဲ့တွေ ဝင်ရောက်သိမ်းပိုက်ခဲ့သည့် ယူကရိန်းမြို့တော် ကိဗ်မြို့အနီးရှိ ဘူချာမြို့တွင် အရပ်သား ရုပ်အလောင်းများ ရာနဲ့ချီ တွေ့ရှိရပြီးနောက် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါသတကြီး ပြစ်တင်ရှုတ်ချခဲ့ကြသည်။ ရုရှားအစိုးရကမူ ဘူချာမြို့မှာအပါအဝင် အရပ်သားများ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် စွပ်စွဲချက်အားလုံးကို ပြတ်ပြတ်သားသား ငြင်းဆိုထားသည်။



ဘူချာမြို့တွင်တွေ့ရသည့် သင်္ချိုင်းနေရာနှင့် ရုပ်အလောင်းများမှာ ရုရှားကို နာမည်ဖျက်ရန် ယူကရိန်းဘက်က ပြင်ဆင်ထားခဲ့ခြင်းဖြစ်ကြောင်း ရုရှားအစိုးရက တုံ့ပြန်ခဲ့သည်။ သို့သော် ဂြိုဟ်တုဓာတ်ပုံများအရ ဘူချာမြို့ကနေ ရုရှားတပ်ဖွဲ့တွေ ထွက်ခွာမသွားမီအချိန်ကတည်းက လမ်းမများပေါ်တွင် အရပ်သား ရုပ်အလောင်းများရှိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



ဆက်စပ်သတင်းအရ ရုရှားက ဧပြီ (၆) ရက်တွင် ယူကရိန်းမြို့များကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ရုရှားက အပြင်းအထန် တိုက်ခိုက်လာမည့် နိုင်ငံအရှေ့ပိုင်းရှိ Kharkiv ၊ Luhansk နှင့် Donetsk နယ်မြေများမှ ဒေသခံများ ရွေ့ပြောင်းကြရန် ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က ပြောကြားထားသည်။



Source: BBC, Reuters

 

ဆက်စပ်သတင်း

အရပ်သား သတ်ဖြတ်ခံရမှုများနှင့် ပတ်သက်ပြီး ပူတင်ကို စစ်ရာဇဝတ်မှုဖြင့် ခုံရုံးတင်စစ်ဆေးရန် ဂျိုးဘိုင်ဒန် ပြောဆို

ရုရှားတပ်တွေ ပြန်ထွက်သွားသည့် ယူကရိန်းမြို့တစ်မြို့မှာ အရပ်သား ရုပ်အလောင်းများ ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့ရှိရ