ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ စိတ်ကြွဆေးကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည့် ဆိုဒီယမ်ဆိုင်ယာနိုက် တန်ချိန် (၈၀၀) ကျော် တင်ပို့ခဲ့

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ စိတ်ကြွဆေးကုန်ကြမ်းအဖြစ် အသုံးပြုနိုင်သည့် ဆိုဒီယမ်ဆိုင်ယာနိုက် တန်ချိန် (၈၀၀) ကျော် တင်ပို့ခဲ့
နိုဝင်ဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် ကုန်ကြမ်းဖြစ်သည့် ဆိုဒီယမ်ဆိုင်ယာနိုက် (sodium cyanide) ပမာဏအမြောက်အမြား တင်ပို့ထားကြောင်း တွေ့ရှိရပြီးနောက် ဆိုဒီယမ်ဆိုင်ယာနိုက် ပြည်ပတင်ပို့မှုများ လအတန်ကြာ ရပ်ဆိုင်းထားရန် အစိုးရကို တင်ပြသွားမည်ဟု အာဏာပိုင်များက ပြောသည်။

ထိုင်းနိုင်ငံ နွောင်ဗွာလမ်ဖူး ပြည်နယ်တွင် ကာလရှည်ကြာ မူးယစ်ဆေးစွဲနေသည့် ရဲအရာရှိဟောင်းတစ်ဦးက မူကြိုကျောင်းအတွင်း ဝင်ရောက်ကာ ကလေးအများစု အပါအဝင် လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် မူးယစ်ဆေးဝါးထိန်းချုပ်ရေး စီမံဆောင်ရွက်မှုများကို ဆွေးနွေးသည့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့သည်။ 

ထိုအစည်းအဝေးအပြီးတွင် ထိုင်းအစိုးရအဖွဲ့ကို ဆိုဒီယမ်ဆိုင်ယာနိုက် ပြည်ပတင်ပို့မှု ရပ်ဆိုင်းထားရန် တင်ပြမှုရှိလာခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သည့် ဆိုဒီယမ်ဆိုင်ယာနိုက်များကို မည်သည့်အတွက် အသုံးပြုနေခဲ့ကြောင်း ဖော်ထုတ်သိရှိရချိန်အထိ ဆိုဒီယမ်ဆိုင်ယာနိုက် ပြည်ပတင်ပို့မှုများ ရပ်ဆိုင်းထားရန် အစိုးရအဖွဲ့ကို တင်ပြသွားမည်ဟု အောက်တိုဘာလ (၃၁) ရက်တွင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး Office of the Narcotics Control Board (ONCB) ၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးကို ဦးဆောင်သူ တရားရေးဝန်ကြီး Somsak Thepsutin က ပြောသည်။

မကြာသေးမီက ထိုင်းနိုင်ငံကို ဆိုဒီယမ်ဆိုင်ယာနိုက် တန်ချိန် (၁,၁၅၀) တင်သွင်းခဲ့သော်လည်း မြန်မာတစ်နိုင်ငံတည်းသို့ ပြန်တင်ပို့ခဲ့သည့် ဆိုဒီယမ်ဆိုင်ယာနိုက် ပမာဏမှာ တန်ချိန် (၈၁၀) အထိရှိခဲ့ကြောင်း သိရသည်။ 

"တစ်ကယ်လို့ မြန်မာကို တင်ပို့လိုက်တဲ့ ဆိုဒီယမ်ဆိုင်ယာနိုက် ပမာဏကို တလွဲအသုံးပြုမယ်ဆိုရင် မက်သာဖက်တမင်းဆေးပြား (၁၆.၀၆) ဘီလီယံ ထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းဖြစ်သွားနိုင်ပါတယ်" ဟု Somsak က ပြောသည်။

ကျန်ရှိသည့် ဆိုဒီယမ်ဆိုင်ယာနိုက် ပမာဏကိုမူ ထိုင်းနိုင်ငံအတွင်း သတ္တုအရောင်တင်ရာတွင် အသုံးပြုခဲ့သည်ဟု ဆိုသည်။ 

ONCB က စက်ရုံများတွင် သံသယဖြစ်ဖွယ် ဆိုဒီယမ်ဆိုင်ယာနိုက်များကို စစ်ဆေးသိမ်းဆည်းခဲ့ကြောင်း၊ သို့သော် နောက်ပိုင်းတွင် စက်ရုံပိုင်ရှင်များက တလွဲအသုံးပြုခြင်းမရှိကြောင်း ကန့်ကွက်အရေးဆိုခဲ့ကြသည်ဟု ONCB အထွေထွေညွှန်ကြားရေးမှူး Wichai Chaimongkhon က ပြောသည်။ 

ဆိုဒီယမ်ဆိုင်ယာနိုက်အချို့ကို မူးယစ်ဆေးဝါးထုတ်လုပ်သူများကို ရောင်းချခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်လည်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် ဆိုဒီယမ်ဆိုင်ယာနိုက် ထုတ်လုပ်နိုင်ခြင်း မရှိရာ ပြည်ပမှ တင်သွင်းခဲ့ရကြောင်း စက်မှုလုပ်ငန်းဌာန အထွေထွေညွှန်ကြားရေးမှူး Jullapong Thaveesri က ပြောသည်။ 

အာဏာပိုင်များအနေဖြင့် ဆိုဒီယမ်ဆိုင်ယာနိုက် ပြည်ပတင်ပို့သူများကို ခွဲတမ်းစနစ်ဖြင့် လုပ်ဆောင်သွားမည်ကြောင်းနှင့် ထိုခွဲတမ်းကို အမှန်တကယ်နှင့် တရားဝင်လိုအပ်ချက်ပေါ်တွင် အခြေခံသွားမည်ဟု Jullapong က ဆိုသည်။

ခွဲတမ်းစနစ် ပြင်ဆင် အကောင်အထည်ဖော်ရန် အချိန်ကာလ (၃) လမှ (၆) လကြာမြင့်မည်ဖြစ်ပြီး ထိုကာလအတွင်း ဆိုဒီယမ်ဆိုင်ယာနိုက် ပြည်ပတင်ပို့မှုများကို ရပ်ဆိုင်းထားသင့်ကြောင်း Jullapong က ပြောသည်။ 

ပြည်ပတင်ပို့မှု ရပ်ဆိုင်းထားခြင်းဖြင့် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက်မှု ရှိလိမ့်မည် မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံက ဆိုဒီယမ်ဆိုင်ယာနိုက်ကို တရုတ်နိုင်ငံမှ တိုက်ရိုက် တင်သွင်းနိုင်ခြင်းရှိကြောင်းလည်း ၎င်းကဆိုသည်။

#TachileikNewsAgency

Source: Bangkok Post