တောင်ကိုရီးယားက တိုက်ခိုက်လာပါက နျူကလီးယား လက်နက်ဖြင့် ပြန်တိုက်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမ ခြိမ်းခြောက်

တောင်ကိုရီးယားက တိုက်ခိုက်လာပါက နျူကလီးယား လက်နက်ဖြင့် ပြန်တိုက်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမ ခြိမ်းခြောက်
By Mr John

မြောက်ကိုရီးယားက စစ်ပွဲကိုဆန့်ကျင်ကြောင်း ပြောကြားထားသော်လည်း တောင်ကိုရီးယားဘက်က စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုကို ရွေးချယ်ပါက သို့မဟုတ် ကြိုတင်ကာကွယ်မှုအဖြစ် တိုက်ခိုက်မှုလုပ်ဆောင်လာပါက မြောက်ကိုရီးယား၏ နျူကလီးယားတပ်ဖွဲ့က တုံ့ပြန်တိုက်ခိုက်သွားရလိမ့်မည်ဟု ခေါင်းဆောင်ကင်မ်ဂျုံအန်၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံက ဧပြီ (၅) ရက်နေ့တွင် ပြောဆိုလိုက်သည်။

မြောက်ကိုရီးယားကို တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး၏ မကြာသေးမီက မှတ်ချက်ပြုမှုမှာ "အလွန်ကြီးမားသည့် အမှားတစ်ခု" ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရအဖွဲ့နှင့် အာဏာရပါတီတွင် ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ကင်မ်ယိုဂျုံက ပြောကြားလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာန KCNA က ဖော်ပြသည်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး Suh Wook က မိမိတို့၏ စစ်တပ်တွင် ပစ်ခတ်နိုင်သည့် အကွာအဝေး၊ တိကျမှုနှင့် စွမ်းအား သိသာစွာ တိုးတက်လာသည့် ဒုံးကျည်မျိုးစုံ ပိုင်ဆိုင်ကြောင်းနှင့် မြောက်ကိုရီးယားနိုင်ငံအတွင်းရှိ မည်သည့်ပစ်မှတ်ကိုမဆို တိကျလျင်မြန်စွာ ပစ်ခတ်နိုင်စွမ်းရှိကြောင်း ဧပြီ (၁) ရက်နေ့တွင် ပြောခဲ့သည်။

ထိုပြောဆိုမှုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်၏ ညီမဖြစ်သူ ကင်မ်ယိုဂျုံက နျူကလီးယားလက်နက်ဖြင့် ပြန်တိုက်ခိုက်ရလိမ့်မည်ဟု တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး၏ ပြောဆိုမှုအပေါ် ကင်မ်ယိုဂျုံနှင့် နောက်ထပ် မြောက်ကိုရီးယားအစိုးရအရာရှိတို့က ဧပြီ (၃) ရက်နေ့တွင်လည်း ထုတ်ပြန်ချက်များဖြင့် တုံ့ပြန်ပြောဆိုခဲ့ကြသေးသည်။ တောင်ကိုရီးယားဘက်က ကြိုတင်ကာကွယ်မှုအဖြစ် တိုက်ခိုက်မှုကဲ့သို့ "အန္တရာယ်ရှိသည့် စစ်ရေးလှုပ်ရှားမှု" တစ်စုံတရာ လုပ်ဆောင်ပါက မြောက်ကိုရီးယားက ဆိုးလ်မြို့ရှိ အဓိက ပစ်မှတ်များကို ဖျက်ဆီးပစ်မည်ဟု ထိုထုတ်ပြန်ချက်များတွင် သတိပေးထားကြောင်း သိရသည်။

ဧပြီ (၅) ရက်နေ့တွင် ထပ်မံ ထုတ်ပြန်လိုက်သည့် ကင်မ်ယိုဂျုံ၏ ဒုတိယအကြိမ် ထုတ်ပြန်ချက်တွင် ကိုရီးယားကျွန်းဆွယ်ကို ပျက်စီးဆုံးရှုံးစေမည့် စစ်ပွဲကို မြောက်ကိုရီးယားက ဆန့်ကျင်ကြောင်းနှင့် တောင်ကိုရီးယားကို မိမိတို့၏ အဓိကရန်သူအဖြစ် ရှုမြင်ခြင်းမရှိကြောင်း ပြောထားသည်။ "တစ်နည်းပြောရရင် တောင်ကိုရီးယားစစ်တပ်က ကျမတို့နိုင်ငံအပေါ် စစ်ရေးလှုပ်ရှားမှု မရှိဘူးဆိုရင် တောင်ကိုရီးယားကို ကျမတို့တိုက်ခိုက်မှုရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်သွားမှာ မဟုတ်ပါဘူး" ဟု ကင်မ်ယိုဂျုံက ဆိုသည်။ "ဒါပေမဲ့ တောင်ကိုရီးယားဘက်က ကြိုတင်ကာကွယ်တဲ့ တိုက်ခိုက်မှုအဖြစ် စစ်ရေးလှုပ်ရှားမှု လုပ်လာခဲ့ရင်တော့ အခြေအနေက ပြောင်းလဲသွားပါလိမ့်မယ်။ ဒီအခြေအနေမှာ တောင်ကိုရီးယားက ပစ်မှတ်ဖြစ်လာလိမ့်မယ်" ဟု ၎င်းက ပြောသည်။

အကယ်၍ တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယားပိုင်နက်အတွင်း တစ်လက်မမျှ ထိပါးလာခဲ့ပါက "မထင်မှတ်လောက်အောင် ဆိုးဝါးသည့် အန္တရာယ်" ကို ရင်ဆိုင်ရမည်ဖြစ်ပြီး မြောက်ကိုရီးယား၏ နျူကလီးယား တိုက်ခိုက်ရေးတပ်ဖွဲ့က ၎င်း၏တာဝန်ကို မလွှဲမရှောင်သာ လုပ်ဆောင်သွားရလိမ့်မည်ဟု ကင်မ်ယိုဂျုံက ဆိုသည်။ 

ဒါဟာ ခြိမ်းခြောက်မှုတစ်ခုပဲ မဟုတ်ပါဘူး။ ဖြစ်လာနိုင်တဲ့ တောင်ကိုရီးယားရဲ့ မဆင်မခြင် စစ်ရေးလှုပ်ရှားမှုကို ကျွန်မတို့ဘက်က တုံ့ပြန်မှုနဲ့ပတ်သက်လို့ အသေးစိတ် ရှင်းပြချက်တစ်ခုပါ

 

ဟုလည်း မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူက ပြောခဲ့သည်။

မြောက်ကိုရီးယားက အဖျက်စွမ်းအားကြီးသည့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများ ယခုနှစ်အတွင်း တိုးမြှင့်လုပ်ဆောင်နေခဲ့ရာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နျူကလီးယားလက်နက် စမ်းသပ်မှုများ ပြန်လည်လုပ်ဆောင်ရန် ပြင်ဆင်နေခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်တို့က စိုးရိမ်ပူပန်နေကြသည်။

Source: Reuters