မလေးရှားက နေရပ်ပြန်ပို့ခဲ့သည့် မြန်မာနိုင်ငံသား (၁၅၀) တွင် နိုင်ငံရေး ခိုလှုံခွင့်ရရန် ကြိုးပမ်းနေသည့် ရေတပ်အရာရှိဟောင်းများ ပါဝင်

မလေးရှားက နေရပ်ပြန်ပို့ခဲ့သည့် မြန်မာနိုင်ငံသား (၁၅၀) တွင် နိုင်ငံရေး ခိုလှုံခွင့်ရရန် ကြိုးပမ်းနေသည့် ရေတပ်အရာရှိဟောင်းများ ပါဝင်
အောက်တိုဘာ 20, 2022 | 2021 Military Coup| နိုင်ငံတကာသတင်း
By Mr John

မလေးရှားနိုင်ငံက အောက်တိုဘာလအတွင်း နိုင်ငံရေး ခိုလှုံခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာရေတပ်အရာရှိဟောင်းများ အပါအဝင် မြန်မာနိုင်ငံသား (၁၅၀) ကို နေရပ်ပြန်ပို့ခဲ့ကြောင်း ထိုကိစ္စနှင့် နီးစပ်သည့် သတင်းရင်းမြစ် (၄) ခုက ပြောကြောင်း Reuters သတင်းတွင် ဖော်ပြသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရထံမှ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဆန့်ကျင်သူများကို အကြမ်းဖက်ဖြိုခွင်းနေမှုအပေါ် မလေးရှားက ရှုတ်ချမှုများရှိသော်လည်း မြန်မာနိုင်ငံသားများကို နေရပ်ပြန်ပို့မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း မလေးရှားအာဏာပိုင်များ မြန်မာရေတပ်အရာရှိဟောင်း (၆) ဦးကို ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလ (၆) ရက်နေ့တွင် လေယာဥ်ဖြင့် နေရပ်ပြန်ပို့ခဲ့ကြောင်း သတင်းရင်းမြစ်များက Reuters ကို ပြောသည်။ 

ထိုကိစ္စမှာ ထိလွယ်ရှလွယ် ကိစ္စဖြစ်မှုကြောင့် ၎င်းတို့၏ အမည်များကို ထုတ်ဖော်ခြင်းမပြုရန် သတင်းရင်းမြစ်များက မေတ္တာရပ်ခံခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်သည့် ရေတပ်အရာရှိဟောင်းများအနက် အနည်းဆုံး တစ်ဦး အဖမ်းခံခဲ့ရသည်ဟုလည်း Reuters ၏ သတင်းရင်းမြစ်က ပြောသည်။ 

ကိုကျော်လှဆိုသူ ရေတပ်အရာရှိဟောင်းနှင့် ၎င်း၏ဇနီး မဌေးဌေးရီတို့ကို ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာစဥ် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ 

၎င်းတို့ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရှိနိုင်ကြောင်း Reuters သတင်းက ဖော်ပြသည်။

၎င်းတို့နှစ်ဦးမှာ မလေးရှားတွင် နေထိုင်ရန် တရားဝင် စာရွက်စာတမ်းများ မရှိခြင်းကြောင့် ဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။ 

အနည်းဆုံး ရေတပ်အရာရှိဟောင်း (၃) ဦးနှင့် မဌေးဌေးရီတို့က ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာဌာန၏ ကာကွယ်မှုရရှိရန် ကြိုးပမ်းခဲ့ကြပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကတ်အတွက် လျှောက်ထားခဲ့ကြကြောင်းလည်း သတင်းရင်းမြစ်များက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ စစ်အုပ်စုပြောခွင့်ရပုဂ္ဂိုလ်ထံ မေးမြန်းရန် ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ဟု Reuters က ပြောသည်။ 

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးကမူ မလေးရှားလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်မှုအရ မြန်မာနိုင်ငံသား (၁၅၀) ကို အောက်တိုဘာလ (၆) ရက်နေ့တွင် လေယာဥ်ဖြင့် နေရပ်ပြန်ပို့ခဲ့သည်ဟု Facebook ပို့စ်တစ်ခုတွင် ပြောထားသည်။ 

နေရပ်ပြန်ပို့ခံရသည့် ထိုအုပ်စုတွင် ရေတပ်အရာရှိဟောင်းများ ပါဝင်ကြောင်း မြန်မာသံရုံးက မဖော်ပြခဲ့ဟု ဆိုသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဝန်ကြီးချုပ်ရုံးတို့က ယခုကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက နေရပ်ပြန်ပို့ခံရသူများထံမှ ခိုလှုံခွင့်လျှောက်လွှာများကို လက်ခံရရှိခဲ့ခြင်းရှိ မရှိ မပြောခဲ့သော်လည်း ထိုသို့ နေရပ်ပြန်ပို့မှုများအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ပြောသည်။

Source: Reuters