ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ Pheu Thai ပါတီက ဝန်ကြီးချုပ်ရာထူးကို ရယူလာနိုင်

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ Pheu Thai ပါတီက ဝန်ကြီးချုပ်ရာထူးကို ရယူလာနိုင်
ဇူလိုင် 1, 2023 | နိုင်ငံတကာသတင်း

 ထိုင်းရွေးကောက်ပွဲအနိုင်ရ Move Forward Party (MFP) ပါတီ၏ ခေါင်းဆောင် Pita Limjaroenrat ကို အထက်လွှတ်တော် (Senate) အမတ်များက ဝန်ကြီးချုပ်အဖြစ် လုံလောက်သည့် မဲပေးထောက်ခံမှု မရှိပါက ညွှန့်ပေါင်းအဖွဲ့တွင်ပါဝင်သော ဝန်ကြီးချုပ်ဟောင်း သင်ဆင်ရှင်နာဝပ်ထရာ မိသားစု၏ Pheu Thai ပါတီက အစိုးရသစ်ကို ဦးဆောင်သွားမည်ဟု Pheu Thai ပါတီ သတင်းရင်းမြစ်များက ပြောသည်။

အပြန်အလှန်အားဖြင့် Pheu Thai ပါတီက အောက်လွှတ်တော် (House of Representatives) ဥက္ကဌနေရာကို ရယူမည် မဟုတ်တော့ဘဲ MFP ကို လွှတ်တော်ဥက္ကဌ‌နေရာ ရယူစေမည်ဟု ဆိုသည်။ 

လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌ (၂) နေရာ ရွေးချယ်မှုကို အောက်လွှတ်တော်က ၂၀၂၃ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

ပါတီ (၂) ခုမှ အဓိက ပုဂ္ဂိုလ်များ ဇွန်လ (၂၉) ရက်နေ့ ညနေပိုင်းတွင် Pheu Thia ပါတီ ရုံးချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုသဘောတူညီချက် ရရှိခဲ့ကြကြောင်း သိရသည်။ 

Pheu Thai ပါတီ၏ ဝန်ကြီးချုပ်လောင်းများဖြစ်သော ပက်သွန်တန် ရှင်နာဝပ်ထရာ နှင့် Srettha Thavisin နှင့် MPF ပါတီ ဒုတိယခေါင်းဆောင် Sirikanya Tansakun တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

သဘောတူညီမှုအရ Pheu Thai ပါတီက အောက်လွှတ်တော်ဥက္ကဌနေရာအတွက် MFP နှင့် ယှဥ်ပြိုင်ရွေးချယ်ခံတော့မည် မဟုတ်ဘဲ ထိုအစား အောက်လွှတ်တော် ဒုဥက္ကဌနေရာ (၂) ခုကို ရယူသွားမည်ဟု သတင်းရင်းမြစ်များက Bangkok Post ကို ပြောသည်။ 

Pheu Thai ပါတီက MFP ခေါင်းဆောင် Pita ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံသွားမည် ဖြစ်သည်။

သို့သော် Pita အနေဖြင့် အထက်လွှတ်တော် အမတ်များထံမှ လုံလောက်သည့် ထောက်ခံမှုမရရှိခဲ့ပါက Pheu Thai ပါတီက ညွှန့်ပေါင်းအစိုးရကို ဦးဆောင်ဖွဲ့စည်းပြီး ဝန်ကြီးချုပ်ရာထူးကို ရယူသွားမည်ဟု ဆိုသည်။ 

ထိုအခြေအနေတွင် ပါတီ (၂) ခုမှာ ဆက်လက် စည်းလုံးညီညွတ်နေမည်ဖြစ်ပြီး MFP က ညွှန့်ပေါင်းအဖွဲ့မှ နုတ်ထွက်ခြင်း မပြုရဘဲ အတိုက်အခံ ဖြစ်လာမည်ဟု သတင်းရင်းမြစ်များက ပြောသည်။

 

Source: Bangkok Post