တရုတ်တွင် COVID-19 ကူးစက်မှု တစ်ဟုန်ထိုးမြင့်တက်နေရာ လူနာများကို ကားပေါ်တွင် နေခိုင်းပြီး ဆေးသွင်း ကုသပေးနေ

တရုတ်တွင် COVID-19 ကူးစက်မှု တစ်ဟုန်ထိုးမြင့်တက်နေရာ လူနာများကို ကားပေါ်တွင် နေခိုင်းပြီး ဆေးသွင်း ကုသပေးနေ
By Mr John

COVID-19 ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်နေသည့် တရုတ်နိုင်ငံတွင် လူနာများမှာ ဆေးရုံ၊ ဆေးခန်းထဲတွင် မဟုတ်ဘဲ ကားများပေါ်နှင့် လမ်းလယ်ခေါင်တွင် ထိုင်ခုံများပေါ်ထိုင်ကာ ဆေးသွင်းနေကြသည့် ဓာတ်ပုံများ WeChat တွင် လတ်တလော ပျံ့နှံ့ထွက်ပေါ်နေသည်။ 

အတည်ပြုထားသည့် နေရာများအနက် တစ်ခုမှာ ဟဲနန် ပြည်နယ် Xinyang မြို့တွင်ဖြစ်ပြီး လူနာများမှာ ၎င်းတို့၏ ကားများပေါ်တွင် အကြောဆေးသွင်းနေကြကာ ကားများဘေးတွင် ဆေးပုလင်းချိတ်ထားသည့် တိုင်များကိုလည်း ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၁၄)ရက်နေ့တွင် တွေ့ရသည်။

တရုတ်တွင် ဖျားနာသည့် လူနာအရေအတွက် မြင့်တက်လာရာ ဆေးခန်းများအတွင်း လူအုပ်စုမဖြစ်စေရန် လူနာများကို ၎င်းတို့၏ ကားထဲတွင်သာနေခိုင်းပြီး အကြောဆေးသွင်းပေးနေကြသည်ဟု ဆိုသည်။ 

တရုတ်ဆေးခန်းများတွင် လူနာအများအပြား တန်းစီစောင့်ဆိုင်းနေသည့် ဓာတ်ပုံများကိုလည်း ဆိုရှယ်မီဒီယာတွင် တွေ့ရသည်။ 

လူနာများ၏ ပြောကြားမှုအရ ကားထဲတွင်ထိုင်စောင့်ပြီး တန်းစီစောင့်ဆိုင်းသူများပင် ဆေးကုသမှုခံယူရန် တစ်နာရီခွဲကြာ စောင့်ဆိုင်းရသည်ဟု ဆိုသည်။

Pear Video ဝက်ဘ်ဆိုက်က ဖော်ပြမှုအရလည်း ဆေးခန်းဝန်ထမ်းများက (၂၄) နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း ဆေးစစ်မှုရလဒ် မပါရှိသူများ အားလုံးကို ဆေးကုသမှုခံယူရန် ၎င်းတို့၏ ကားထဲတွင်သာနေစေကာ တန်းစီစောင့်ဆိုင်းခိုင်းကြောင်း သိရသည်။ 

ကားပေါ်တွင်သာနေခိုင်းပြီး အကြောဆေးသွင်း ဆေးကုသမှုအကြောင်းမှာ တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo တွင်လည်း လူပြောများခဲ့ပြီး ထိုအကြောင်းအရာနှင့် ပတ်သက်သည့် hashtag ကို ယခုတစ်ပတ်အတွင်း ကြည့်ရှုမှုအကြိမ်ရေ သန်း (၇၀) ကျော်ရှိခဲ့သည်။

တရုတ်ဆိုရှယ်မီဒီယာတွင် နောက်ထပ် ပျံ့နှံ့နေသည့် ဗီဒီယိုတစ်ခုမှာ ဟူပေပြည်နယ် Xiaogan မြို့တွင် ရိုက်ကူးထားခြင်းဖြစ်ပြီး လူနာများက ဆေးခန်းတစ်ခု၏ အပြင်ဘက် လမ်းလယ်ခေါင်နေရာတွင် ပလတ်စတစ်ထိုင်ခုံများပေါ်ထိုင်လျက် အကြောဆေးသွင်းနေကြသည်ကို တွေ့ရသည်။ 

တရုတ်အစိုးရက ၎င်း၏ တင်းကျပ်ပြင်းထန်သော "zero-COVID" မူဝါဒကို ကန့်ကွက်ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပြီးနောက် ထိုမူဝါဒအရ သတ်မှတ်ထားခဲ့သည့် စည်းမျဥ်းကန့်သတ်ချက်များကို ဆက်တိုက် ဖြေလျှော့ပေးခဲ့သည်။

စည်းမျဥ်းကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံတဝန်း COVID-19 ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီး ဖျားနာသည့်လူနာများ သိသာစွာ များပြားလာခဲ့သည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization (WHO) ၏ အရေးပေါ်ဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ခ်ရိုင်ယန်ကမူ ကန့်သတ်ချက်များကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့က ဖြေလျှော့ မပေးမီကတည်းက တရုတ်တွင် ကူးစက်မှုများ သိသိသာသာ မြင့်တက်နေခဲ့ခြင်းဖြစ်သည်ဟု ပြောခဲ့သည်။

Source: WhatsOnWeibo

Photo: What's on Weibo, Twitter,