ယူကရိန်းတပ်ဖွဲ့များက နိုင်ငံတောင်ပိုင်းတွင် ရုရှားခံစစ်ကို ထိုးဖောက်ပြီး ကြီးမားသည့် အောင်မြင်မှုရ

ယူကရိန်းတပ်ဖွဲ့များက နိုင်ငံတောင်ပိုင်းတွင် ရုရှားခံစစ်ကို ထိုးဖောက်ပြီး ကြီးမားသည့် အောင်မြင်မှုရ
အောက်တိုဘာ 4, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ယူကရိန်းတပ်ဖွဲ့များက စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း နိုင်ငံအရှေ့ပိုင်း စစ်မျက်နှာတွင် အကြီးမားဆုံး အောင်မြင်မှုရရှိခဲ့ပြီး အောက်တိုဘာလ (၃) ရက်နေ့တွင် ဒီနီပရိုမြစ်တစ်လျှောက် ရုရှားခံစစ်စည်းကို ထိုးဖောက်ကာ လျင်မြန်စွာ ရှေ့သို့ချီတက်လာကြောင်းနှင့် ထောင်နှင့်ချီသည့် ရုရှားစစ်သားများ၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ခြိမ်းခြောက်နေကြောင်း သိရသည်။

ယူကရိန်းအစိုးရက စစ်ရေးအရ ယခုတိုးတက်မှုကို အတည်ပြုခြင်း မရှိသေးသော်လည်း ရုရှားသတင်းရင်းမြစ်များကမူ ယူကရိန်းတင့်ကားများ ဒီနီပရိုမြစ်၏ အနောက်ဘက်ကမ်းတစ်လျှောက် ကီလိုမီတာ ဒါဇင်နှင့်ချီကာ ထိုးစစ်ဆင် ချီတက်လာခဲ့ကြောင်း ပြောသည်။ 

ထိုလမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာအများအပြားကို ယူကရိန်းတပ်ဖွဲ့များက ပြန်သိမ်းပိုက်သွားကြောင်းလည်း ရုရှားသတင်းရင်းမြစ်များ ဆိုသည်။

ရုရှားက ယူကရိန်းနယ်မြေများကို ပူးပေါင်းရေးလုပ်ပြီး နယ်မြေသိမ်းပိုက်မှု တိုးမြှင့်ရန် ကြိုးပမ်းမှု၊ စစ်စည်းရုံးအမိန့်ဒီကရီဖြင့် စစ်အင်အားဖြည့်တင်းမှုနှင့် နျူကလီးယားလက်နက်သုံး တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုတို့ ရှိနေခဲ့သော်လည်း ယူကရိန်းတပ်ဖွဲ့များက နိုင်အရှေ့ပိုင်းတွင် အရေးပါသည့် မဟာဗျူမြောက် Lyman မြို့ကို ပြန်သိမ်းပိုက်နိုင်ခြင်းနှင့်အတူ အသာစီးရလာပြီး ယခုအခါ တောင်ပိုင်းတွင်လည်း စစ်ရေးအခြေအနေ တိုးတက်နေသည်။

ယူကရိန်းတပ်ဖွဲ့များက ဒီနီပရိုမြစ်ကြောင်းတစ်လျှောက်ရှိ အခြေချနေထိုင်ရာဒေသ Dudchany ကို သိမ်းပိုက်လိုက်ကြောင်း ရုရှားက ခန့်အပ်ထားသည့် Kherson နယ်မြေအတွင်း ရုရှားသိမ်းပိုက် နေရာများ၏ ခေါင်းဆောင် Vladimir Saldo က ပြောသည်။ 

Dudchany ဒေသမှာ ယခင် ရှေ့တန်းနေရာ၏ တောင်ဘက် မိုင် (၂၀) ခန့်အကွာတွင် တည်ရှိသည်။

CNN သတင်းဌာန၏ တိုက်ရိုက်တင်ဆက်မှု သတင်းအရ ယူကရိန်းတပ်ဖွဲ့များက နိုင်ငံအရှေ့ပိုင်းရှိ Donetsk မြို့ကို ပြန်လည်သိမ်းပိုက်ရန် နီးကပ်လာပြီဟု ဆိုသည်။ 

ထိုမြို့မှာ ရုရှားလက်အောက်သို့ တရားဝင် သိမ်းပိုက်လိုက်ပြီဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာခဲ့သည့် Donetsk နယ်မြေရှိ စက်မှုလုပ်ငန်းမြို့လည်း ဖြစ်သည်။

ပူတင်က ယူကရိန်း၏ Luhansk, Donetsk, Zaporizhzhia နှင့် Kherson နယ်မြေများမှာ ရုရှားနှင့်ပူးပေါင်းလိုက်ပြီဟု စက်တင်ဘာလ (၃၀) ရက်နေ့တွင် အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ပြီး ကြေညာခဲ့သည်။ 

ရုရှားက ယူကရိန်းနယ်မြေများကို ထိုသို့ သိမ်းပိုက်လိုက်ခြင်းမှာ အပြည်ပြည်ဆိုင်ရာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂပဋိညာဥ်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံများက ပြောဆိုကြသည်။

Source: Reuters

Photo: REUTERS/Zohra Bensemra, REUTERS/Vitalii Hnidyi,REUTERS/Vladyslav Musiienko