ကမ္ဘာ့ဖလားပြိုင်ပွဲမှ နိုင်ငံအသင်း ရှုံးနိမ့်ထွက်ခွာရမှုကို အီရန်အစိုးရဆန့်ကျင်သူများက အောင်ပွဲခံနေစဉ် လုံခြုံရေးတပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး

ကမ္ဘာ့ဖလားပြိုင်ပွဲမှ နိုင်ငံအသင်း ရှုံးနိမ့်ထွက်ခွာရမှုကို အီရန်အစိုးရဆန့်ကျင်သူများက အောင်ပွဲခံနေစဉ် လုံခြုံရေးတပ်ဖွဲ့ ၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး သေဆုံး
ဒီဇင်ဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

 ကာတာနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှ အီရန်ဘောလုံးအသင်း အမေရိကန်ကို (၁) ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ထွက်ခွာခဲ့ရပြီးနောက် အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ အောင်ပွဲခံခဲ့ကြကြောင်း သိရသည်။ 

ဗီဒီယိုမှတ်တမ်းများအရ အီရန်မြို့တော် တီဟီရန်မြို့နှင့် အခြား မြို့များတွင် နိုဝင်ဘာလ (၂၉) ရက် ညပိုင်းက လူအများ လမ်းပေါ်ထွက် ကခုန်ခဲ့ကြပြီး ကားဟွန်းများတီးကာ အောင်ပွဲခံခဲ့ကြသည်ကို တွေ့ရသည်။

အီရန်မြောက်ပိုင်း Bandar Anzali မြို့တွင်မူ အမျိုးသားတစ်ဦး ကားဟွန်းတီးပြီး အောင်ပွဲခံခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်ထိမှန် သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

ကာတာတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်ယှဥ်ပြိုင်သည့်  နိုင်ငံ့လက်ရွေးစင်း ဘောလုံးအသင်းကို  အီရန်ပြည်သူအများအပြားက အားမပေးကြဘဲ ထိုဘောလုံးအသင်းက အစ္စလာမ်မစ်သမ္မတနိုင်ငံကို ကိုယ်စားပြုနေကြောင်း ရှုမြင်ထားကြသည်။

အီရန်အစိုးရ လက်အောက်ခံ မီဒီယာများကမူ ပြည်တွင်းနှင့် ပြည်ပမှ ရန်သူအင်အားစုများက ကစားသမားများကို ဖိအားပေးနေကြောင်း အပြစ်တင် ပြောဆိုခဲ့သည်။

 အီရန်ဘောလုံးအသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု အဖွင့်ပွဲစဥ်အဖြစ် အင်္ဂလန်အသင်းနှင့် ယှဥ်ပြိုင်ကစားခဲ့စဥ်က နိုင်ငံတော်သီချင်းမဆိုဘဲ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများနှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့ကြသည်။ 

သို့သော် ဝေးလ်အသင်းနှင့် အုပ်စု ဒုတိယပွဲစဥ်တွင်မူ အီရန်ကစားသမားများ နိုင်ငံတော်သီချင်းဆိုခဲ့ကြသည်။ 

ကစားသမားများ နိုင်ငံတော်သီချင်း မဆိုပါက မိသားစုများ ထောင်ချခံရပြီး ညှဥ်းပန်းနှိပ်စက်ခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ 

အီရန်အသင်းမှာ အမေရိကန်နှင့် အုပ်စု နောက်ဆုံးပွဲစဥ်တွင် ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။ 

အီရန်အာဏာပိုင်များထံမှ ဖိအားပေးမှုများရှိခဲ့သော်လည်း ဘောလုံးအသင်းက ပြည်သူလူထုကို သစ္စာဖောက်ခဲ့သည်ဟု ရှုမြင်ထားကြသည်။

အီရန်တွင် အမျိုးသမီးများ ဦးခေါင်းကို ဟီဂျပ် (hijab) ခေါ် ပဝါခြုံရသည့် စည်းမျဥ်းစည်းကမ်း ချိုးဖောက်မှုဖြင့် အသက် (၂၂) နှစ်အရွယ် Mahsa Amini အမည်ရှိ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ရဲလက်တွင် သေဆုံးခဲ့ရာမှ တစ်နိုင်ငံလုံးအနှံ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ မကြုံစဖူး အပြင်းအထန် ပေါ်ပေါ်လာခဲ့သည်။

သီတင်း (၁၀) ပတ်ကြာပြီဖြစ်သည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို အီရန်အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းနေခဲ့ရာ ယခုအချိန်အထိ ကလေး (၈၀) ဦး အပါအဝင် အနည်းဆုံး လူ (၄၅၀) သေဆုံးခဲ့ကြောင်း‌ နော်‌ဝေနိုင်ငံအခြေစိုက် Iran Human Rights (IHR) လူ့အခွင့်အရေးအုပ်စုက ပြောသည်။ 

ဆန္ဒပြမှုများအတွင်း လူ (၁၈,၀၀၀) ကျော် ဖမ်းဆီးခံခဲ့ရကြောင်းလည်း သိရသည်။

Source: BBC, CNN