NUG ၏ ကမ်းလှမ်းချက်ကို AA က ကြိုဆိုကြောင်း ထုတ်ဖေါ်ပြောကြား

NUG ၏ ကမ်းလှမ်းချက်ကို AA က ကြိုဆိုကြောင်း ထုတ်ဖေါ်ပြောကြား
ဧပြီ 5, 2022 | နိုင်ငံရေး

NUG ၏ ကမ်းလှမ်းချက်ကို အပြုသဘောဆောင် ကြိုဆိုပြီး ရခိုင်ပြည်သူများ၏ လုံခြုံရေး၊ တရားစီရင်ရေးကို စစ်ကောင်စီဘက်က ဆက်လက်ခြိမ်းခြောက်နေပါက စစ်ရေးထိပ်တိုက်တွေ့လာမည်ဖြစ်ကြောင်း ရက္ခိုင်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိ ခိုင်သုခက ပြောကြားလိုက်သည်။

ယနေ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင်ပြုလုပ်သည့် AA ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

NUG ရဲ့ကမ်းလှမ်းချက်ကို အပြုသဘောဆောင် ကြိုဆိုပါတယ်။ စစ်အာဏာရှင်ပြုတ်ကျရေး လုပ်ဆောင်နေတဲ့ မျိုးဆက်သစ်လူငယ်တွေကို ချီးကျူးပါတယ်။ AA လက်ရှိအခြေအနေနဲ့ကိုက်ညီတဲ့ နိုင်ငံရေးကိုသုံးသပ်ပြီး ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်

ဟု ခိုင်သုခက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က AA ၏ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနှင့် ပြည်သူများ စည်းလုံးနေမှုကို မလိုလားခြင်းကြောင့် တောက်လျှောက်ကန့်ကွက်လျက်ရှိသည့်အပြင် နှောင့်ယှက်မှုများလည်းရှိနေကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းအဖွဲ့က ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့တို့တွင် AA ၏ တရားရုံးများကို ဝင်ရှောက်ရှာဖွေခြင်း၊ စစ်ရေးလှုပ်ရှားခြင်း၊ ၎င်းတို့ကို တရားရုံး၌ တိုင်ရန်ပြောဆိုကာ AA တရားရုံးတွင်တိုင်ကြားပါက အရေးယူမည်ဟု ခြိမ်းခြောက်ခြင်းများကြောင့် သည်းမခံနိုင်သသည့်အချိန်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်လာမည်ဖြစ်ကြောင်း ခိုင်သုခက ပြောသည်။

စစ်ကောင်စီက AA ၏ လုပ်ဆောင်ချက်များကို နှောင့်ယှက်ရုံမက စစ်ရေးလှုပ်ရှားခြင်း၊ အင်အားဖြည့်တင်းခြင်း၊ ရိက္ခာဖြည့်ခြင်းများအပြင် လူမျိုးရေးပဋိပက္ခဖန်တီးခြင်းများကိုပါ တွေ့ရသဖြင့် ပြည်သူများ သတိရှိကြရန်လည်း တိုက်တွန်းထားသည်။