အာဏာသိမ်းစစ်ကောင်စီတပ်က မြောက်ဦးဈေးကို မီးရှို့ရန်ကြံစည်သည်ဟု သံသယရှိ၍ သတိထားစောင့်ကြည့်ကြရန် AA သတိပေးထုတ်ပြန်

မြောက်ဦးဈေး Photo: Thein Tun Aung
မြောက်ဦးဈေး Photo: Thein Tun Aung
အာဏာသိမ်းစစ်ကောင်စီတပ်က မြောက်ဦးဈေးကို မီးရှို့ရန်ကြံစည်သည်ဟု သံသယရှိ၍ သတိထားစောင့်ကြည့်ကြရန် AA သတိပေးထုတ်ပြန်
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီတပ်က ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ဈေးကို မီးရှို့ရန်ကြံစည်သည်ဟု သံသယဖြစ်ဖွယ်လုပ်ရပ်များကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့က ပြုလုပ်ခဲ့သည်တွေ့ရှိရ၍ ပြည်သူများအနေဖြင့် မသင်္ကာဖွယ်အခြေအနေများအား စောင့်ကြည့် ကာကွယ်ကြရန် ရက္ခိုင့်တပ်တော် AA က စက်တင်ဘာလ (၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြောက်ဦးဈေးတစ်ခုလုံးကို မိုင်းရှင်းလင်းရေးလုပ်မည်ဟု အကြောင်းပြချက်ဖြင့် ဈေးတစ်ခုလုံးပိတ်ခိုင်းကာ ပြည်သူများကို အလန့်တကြားနှင့် စိုးရိမ်မှုဖြစ်အောင် ဆောင်ရွက်နေသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့ညမှစ၍ မြောက်ဦးဈေးအား မီးရှို့ရန်ကြံစည်သည့်လုပ်ရပ်များကို တွေ့ရှိခဲ့ရသည်။

ဟု AA ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။

မီးရှို့ရန်ကြံစည်သည်ဟု ဖေါ်ပြထားသော်လည်း မည်သို့သံသယဖြစ်ဖွယ်လုပ်ရပ်ဖြစ်သည်ကို  အဆိုပါထုတ်ပြန်ချက်တွင် ဖေါ်ပြထားခြင်းမရှိသော်လည်း မြောက်ဦးဈေးတွင်း မိုင်းရှင်းရန်ဝင်လာသည့် စစ်ကောင်စီတပ်သားများက ဓါတ်ဆီဗူးများသယ်လာသည်ဟု ဒေသသတင်းဌာနဖြစ်သည့် Western News က ဒေသခံများကို ကိုးကား၍သတင်းဖေါ်ပြထားသည်ကို တွေ့ရသည်။

AA အနေဖြင့် ပြည်သူလူထုနှင့်နီးကပ်သော နေရာများ၊ မြို့၊ ရွာများ၊ သမိုင်းဝင်စေတီပုထိုးများ၊ သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်များရှိရာနေရာများတွင် တပ်စခန်းချခြင်း၊ လက်နက်ကြီးစခန်းများပြုလုပ်ခြင်းနှင့် တိုက်ပွဲဖေါ်ဆောင်ခြင်းတို့ကို မည်သည့်အခါတွင်မျှ ပြုလုပ်ခဲ့ခြင်းမရှိသည့်အပြင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်ကြိုးပမ်းနေသည့် မြောက်ဦးမြို့နှင့်ဝန်းကျင်ကို မထိခိုက်စေရေး အထူးအလေးဂရုပြုရှောင်ကြဉ်သည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်များကမူ သမိုင်းဝင်နေရာ၊ သာသနိကနေရာမကျန် တပ်စွဲခြင်း၊ လက်နက်ကြီးစခန်းအထိုင်ချခြင်း ပစ်ခတ်ခြင်းများကို ပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။