တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနရှိ ဝန်ထမ်းအင်အား(၃၀)ဝန်းကျင်က စစ်အာဏာရှင်စနစ်အောက်တွင် တာဝန် မထမ်းဆောင်လိုကြောင်း CDM စတင်

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနရှိ ဝန်ထမ်းအင်အား(၃၀)ဝန်းကျင်က စစ်အာဏာရှင်စနစ်အောက်တွင် တာဝန် မထမ်းဆောင်လိုကြောင်း CDM စတင်
ဖေဖော်ဝါရီ 8, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနရှိ ဝန်ထမ်းအင်အား(၃၀)ဝန်းကျင်သည် စစ်အာဏာရှင်စနစ်အား အလိုမရှိကြောင်း ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် Civil Disobedience Movement (CDM) လှုပ်ရှားမှုကို ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် စတင်လိုက်ကြောင်း သိရသည်။

"ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်စနစ်အောက်မှာအလုပ် မလုပ်ချင်သလို ပြည်သူကရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့အစိုးရကိုသာ လိုလားပါတယ်၊ ဒီနေ့ကစပြီးလည်း CDMမှာပါတဲ့ ဝန်ထမ်းအားလုံး ရုံးမတက်တော့ပါဘူး"ဟု CDM တွင် ပါဝင်သူ စည်ပင်ဝန်ထမ်း တစ်ဦးက ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်း(၃၀)ဝန်းကျင်သည် စစ်တပ်မှ နိုင်ငံ့အာဏာကို သိမ်းယူမှုနှင့် ပတ်သက်၍ ရုံးတက်ခြင်းများ မပြုလုပ်လိုတော့သည့်အတွက် ကမ်ပိန်းစတင်လိုက်ပြီး နောက်ထပ်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ စည်ပင်ဝန်ထမ်းများလည်း ပါဝင်လာရန် ရှိကြောင်း သိရသည်။



ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျန်းမာရေးဝန်ထမ်းများက ပထမဆုံးအနေဖြင့် Civil Disobedience Movement (CDM) ကို စတင်လိုက်ပြီးနောက် ပညာရေးဝန်ထမ်းများလည်း ပါဝင်လာသည့်အပြင် ယခုအခါတွင် စည်ပင်ဝန်ထမ်းများလည်း ပါဝင်လာကြခြင်း ဖြစ်သည်။



တာချီလိတ်ခရိုင်အတွင်းမှ အခြားသော ဌာနများမှ ဝန်ထမ်းများလည်း စစ်အာဏာရှင်စနစ်အား အလိုမရှိကြောင်း ပြသသည့် အနေဖြင့် Civil Disobedience Movement (CDM) ကမ်ပိန်းတွင် ပါဝင်လာရန်ရှိကြောင်းလည်း သိရှိရသည်။



Tachileik News Agency