တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများထဲက  (၈၇)ဦးကို ကျပ်(၈၇)သိန်း နှင့် ဆန်၊ဆီများ Tachileik CDM Support အဖွဲ့က ထောက်ပံ့

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများထဲက  (၈၇)ဦးကို ကျပ်(၈၇)သိန်း နှင့် ဆန်၊ဆီများ Tachileik CDM Support အဖွဲ့က ထောက်ပံ့
ဖေဖော်ဝါရီ 27, 2021 | နိုင်ငံရေး| ရှမ်းရှေ့

စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကာ CDM(Civil Disobedience Movement)၌ ပါဝင်နေသော တာချီလိတ်မြို့မှ ဝန်ထမ်းများထဲက ခက်ခဲသူများအား တာချီလိတ်နေပြည်သူများဖြင့် ဖွဲ့စည်းထားသည့် Tachileik CDM Support အဖွဲ့က ကျပ်သိန်းပေါင်း (၈၇)သိန်း နှင့် စားသောက်စရာ ဆန်၊ဆီများကို ယနေ့ ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်း (၁၉)ဦး နှင့် တာချီလိတ်ကျန်းမာရေးဌာနမှ CDM လုပ်ဆောင်နေသည့် ဝန်ထမ်း (၃၀၀)ဝန်းကျင်ထဲက   လတ်တလောတွင် (၆၅)ဦး   စုစုပေါင်း (၈၇)ဦးအား တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဆန်၊ ဆီ စသည့် စားနပ်ရိက္ခာများကိုလည်း တစ်ဦးချင်းစီအလိုက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

"စည်ပင်ဝန်ထမ်း (၁၉)ဦးကို တစ်ဦးကို ကျပ်(၁)သိန်းနဲ့ (၁၉)သိန်း။ ကျန်းမာရေးဝန်ထမ်းက CDM ဝင်တာ (၃၀၀)ကျော်ရှိတယ်။ ဒါပေမဲ့ အောက်ခြေဝန်ထမ်းထဲက တကယ်လိုအပ်သူတွေကို စစ်ပြီး ပေးလာတာ။ လောလောဆယ် (၆၈)ဦးပဲ လိုတာဆိုလို့ (၆၈)ဦးကို တစ်ဦးကျပ်(၁)သိန်း။"ဟု Tachileik CDM Support အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

တာချီလိတ်တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအား အခက်အခဲမရှိစေရေးအတွက် တာချီလိတ်မြို့ခံ လုပ်ငန်းရှင်များ၊ ဒေသခံများကဖြင့် စုစည်းထားသည့် Tachileik CDM Suppor က ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး CDM လုပ်ဆောင်ရာတွင် အခက်အခဲ ရှိသူများ နှင့် ယခုလို ပါဝင်လှူဒါးလိုသူများအနေဖြင့်လည်း  မြန်မာဖုန်း -  09457223232, 09661471550 ,  ထိုင်းဖုန်း - 0983388093 0804299028 , 0629211240  သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency