တရုတ်နိုင်ငံသားများ တာချီလိတ်၊ မြဝတီနှင့် မူဆယ်တို့တွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားများကို သတိထားကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတိပေး

တရုတ်နိုင်ငံသားများ တာချီလိတ်၊ မြဝတီနှင့် မူဆယ်တို့တွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားများကို သတိထားကြရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန သတိပေး
By Tachileik News Agency

တာချီလိတ်၊ မြဝတီနှင့် မူဆယ်တို့တွင် အင်တာနက်မှ လိမ်လည်မှု၊ လောင်းကစားမှုများကို လုပ်ကိုင်သည့် လုပ်ငန်းများတွင် အတင်းအကြပ် ခိုင်းစေခံရခြင်း၊ ရိုက်နှက်ခံရခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်းမှင့် ငွေညှစ်ခံရခြင်းများရှိနေ၍ တရုတ်နိုင်ငံသားများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားကြောင်း တရုတ်သတင်းဌာန ပေါက်ဖေါ်က ယနေ့ မတ်လ (၁၁)ရက်နေ့တွင် ဖေါ်ပြလာသည်။

အဆိုပါသတိပေးချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ဌာနခွဲနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့က ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ကတည်းက ထုတ်ပြန်ထားခဲ့ပြီး ဩဂုတ်လ (၃၀) ရက်နေ့အထိ အကျုံးဝင်သည်ဟု သိရသည်။

အဆိုပါဒေသများတွင် လစာကောင်းရသည့်အလုပ်အကိုင်ကြော်ငြာများကို ယုံကြည်၍ သွားရောက်အလုပ်လုပ်ကိုင်သည့် တရုတ်နိုင်ငံသားများမှာ လက်တွေ့တွင် အင်တာနက်မှ လိမ်လည်မှု၊ လောင်းကစားမှုလုပ်ငန်းများစသည့် တရားမဝင်အလုပ်များကို လုပ်ကိုင်ကြရခြင်းဖြစ်၍ အွန်လိုင်းမှ ခေါ်ယူသည့် လစာကောင်းအလုပ်အကိုင်များကို မယုံကြည်ကြရန် သတိပေးထားသည်ကို တွေ့ရသည်။



ယင်းအပြင် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားများအနေဖြင့် ဥပဒေကို တင်းတင်းကျပ်ကျပ် လိုက်နာကြရန်နှင့် တရားမဝင်လုပ်ငန်းများကို မလုပ်ကိုင်ကြရန်ကိုလည်း သတိပေးထားသည်ဟု သိရသည်။



တရုတ်နိုင်ငံသားများအနေဖြင့် အဆိုပါဒေသများသို့ မဖြစ်မနေခရီးသွားလာရပါက  လုံခြုံရေးအထူးသတိရှိကြရန်နှင့် အကူအညီလိုအပ်ပါက ဒေသဆိုင်ရာရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ကောင်စစ်ဝန်ရုံးကို ဆက်သွယ်ကြရန် တိုက်တွန်းထားသော်လည်း ထိထိရောက်ရောက် အကူအညီရရှိရန်ခက်ခဲသည်ဟုလည်း သတိပေးထားကြောင်း သိရသည်။

နယ်စပ်မြို့များဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ တာချီလိတ်၊ ကရင်ပြည်နယ် မြဝတီနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ လောင်းကစားလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်အလက်များရှိပါက တရုတ်နိုင်ငံသားများအနေဖြင့် အချက်အလက်များကို အချိန်မီသတင်းပေးပို့ကြရန် တိုက်တွန်းထားသည်ကိုလည်း တွေ့ရသည်။