တာချီလိတ်တွင် COVID 19 ကုသရေးနှင့် ထိန်းချုပ်ရေးအတွက် လက်ရှိ ကျန်းမာရေးဝန်ထမ်းအင်အားဖြင့် လုံလောက်နေဆဲဖြစ်ပြီး လိုအပ်ပါက အင်အားဖြည့်နိုင်ရန် စီစဉ်ထား

တာချီလိတ်တွင် COVID 19 ကုသရေးနှင့် ထိန်းချုပ်ရေးအတွက် လက်ရှိ ကျန်းမာရေးဝန်ထမ်းအင်အားဖြင့် လုံလောက်နေဆဲဖြစ်ပြီး လိုအပ်ပါက အင်အားဖြည့်နိုင်ရန် စီစဉ်ထား
ဒီဇင်ဘာ 3, 2020
By Tachileik News Agency
တာချီလိတ်တွင် COVID 19 ကုသရေးနှင့် ထိန်းချုပ်ရေးအတွက် လက်ရှိ ကျန်းမာရေးဝန်ထမ်းအင်အားဖြင့် လုံလောက်နေဆဲဖြစ်ပြီး လိုအပ်ပါက အင်အားဖြည့်နိုင်ရန် စီစဉ်ထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကုသရေးစင်တာသစ် (၂)ခုနှင့် ထိတွေ့မှုရှိသူများအတွက် facility quarantine စင်တာများကို တိုးချဲ့ထားသော်လည်း လက်ရှိ ကျန်းမာရေးဝန်ထမ်းအင်အားဖြင့် လုံလောက်နေဆဲဖြစ်ပြီး လိုအပ်ပါက ဖြည့်ဆည်းနိုင်ရေး စီစဉ်ထားကြောင်း သိရသည်။

" တာချီလိတ်မြို့မှာ ဒီနေ့အထိလူနာ (၅၀) အထက်ပေါ့။ ဆေးရုံမှာက TMO ပါ အပါအဝင် ဆရာဝန်က (၁၄) ယောက်ဆိုတော့ လောလောဆယ် နိုင်သေးတာပေါ့။ ရှမ်းအရှေ့မှာရှိတဲ့ မြို့နယ်ဆရာဝန်တွေ၊ တိုက်နယ် ဆရာဝန်တွေကိုတော့ လိုအပ်ရင်တာချီလိတ်ကို ပို့မယ်ပေါ့။ လောလောဆယ် တာချီလိတ်က သူတို့နိုင်သေးတယ်။ မတောင်းသေးဘူး။ သူတို့ဆီက တိုက်နယ်ဆရာဝန်တောင် ကျွန်တော်တို့က မထိရသေးဘူး။"

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ ဥက္ကဌ၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ (၂) ရက်နေ့၌ ပြောသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅)ရက်နေ့မှစ၍ ဒေသတွင်း အတည်ပြုလူနာများ စတင်တွေ့လာပြီး ဒီဇင်ဘာလ (၃) ရက်နေ့ ညနေပိုင်းအထိ ဒေသတွင်းကူးစက်အဖြစ် (၅၄)ဦး တွေ့ရှိထားခြင်းဖြစ်၍ အတည်ပြုလူနာများ တိုးလာသည်နှင့်အမျှ ထိတွေ့သူများလည်း တိုးလာနေရာ အသွားအလာကန့်သတ်သည့်နေရာများကိုလည်း တိုးချဲ့နေရခြင်းဖြစ်သည်။

"ပုံမှန်ကတော့ ကုသစင်တာကို ပြင်ဆင်ရတာထက် quarantine စင်တာကိုသာ ပိုပြီး စိုးရိမ်တာ။ Q စင်တာမှာ positive တစ်ယောက်ယောက်ပါရင် သူကနေ negative သမားကို ကူးနိုင်တယ်။ အဲဒါကြောင့် ခြားထားဖို့ အရေးကြီးတယ်။ treatment center က အားလုံးက ဘယ်လိုပဲထားထား ထားလို့ရသေးတယ်။ treatment center ဖြစ်တဲ့အတွက် လူနာတွေ သက်တောင့်သက်သာရှိရေး၊ နေ့စဉ် နိစ္စဓူဝလုပ်ဆောင်တာတွေ အဆင်ပြေအောင်တော့ စီစဉ်ရတာပေါ့"

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်ကျော်က ပြောသည်။
ပြည်သူ့ဆေးရုံများတွင် COVID 19 အတည်ပြုလူနာများအား ကုသစရိတ် အခမဲ့ဖြင့် လိုအပ်သည့်ကုသမှုများ လုပ်ဆောင်ပေးနေခြင်းဖြစ်သော်လည်း ကုသဆောင်မှ လူနာများ၏ စားသောက်စရိတ်ကို ကျခံနိုင်ခြင်းမရှိသဖြင့် ကုသဆောင်မှ လူနာများနှင့် facility quarantine စင်တာများမှ အသွားအလာကန့်သတ်ခံထားရသူများ၏ စားသောက်ရေးကို အလှူရှင်များက လှူဒါန်းနေသည့်အပြင် လိုအပ်ပါကခရိုင်၊မြို့နယ် COVID ကော်မတီက စီမံခန့်ခွဲပေးမည်ဖြစ်ကြောင်း သိရသည်။

"စားဝတ်နေရေးပိုင်းကတော့ ဆေးရုံကကျွေးနိုင်တဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့။ မြို့နယ် COVID ကော်မတီကနေ သူတို့အစီအစဉ်နဲ့ လုပ်ပေးနေတာပေါ့။ တစ်ချို့ကလူနာရှင်တွေ ကိုယ့်စားရိတ်နဲ့ကိုယ် စားရတာရှိတယ်။ တစ်ချို့မတတ်နိုင်တဲ့သူတွေကို မြို့နယ် COVID ကော်မတီကနေ ရှိတဲ့ ရန်ပုံငွေနဲ့ စီစဉ်ပေးရတာပေါ့။ မတတ်နိုင်လို့ ပြည်နယ်အစိုးရတင်ရင် ထောက်ပံ့မှု ပေးရတာပေါ့။ အစကတည်းကပေးနေတယ်။ အခုထိလည်းပေးနေတုန်းပဲ။ မြို့နယ်က မတင်ပြရင်တော့ သူတို့အဆင်ပြေတယ်သတ်မှတ်ပြီး ကျွန်တော်တို့က မပြောဘူး။"

ဟု ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ ဥက္ကဌ၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။
တာချီလိတ်မြို့တွင် အတည်ပြုလူနာနှင့်ထိတွေ့သူများအား ဆန်ဆိုင်းအခြေခံပညာကျောင်း၊ တာလော့အခြေခံပညာကျောင်း၊ ဝမ်ကောင်းအခြေခံပညာကျောင်းနှင့် ဟောင်လိတ်အခြေခံပညာကျောင်းတို့၌ အသွားအလာကန့်သတ်ထားပြီး တစ်ဆင့်ထိတွေ့သူများအား နေအိမ်၊ ဟိုတယ်အသီးသီး၌ အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~