ဖားအံ နှင့် ဘီးလင်းမြို့နယ်တို့မှ ကလေးသူငယ် (၄)ဦး အပါအဝင် အရပ်သား (၉၂)ဦးကို အာဏာသိမ်းစစ်အုပ်စု၏ တပ်က ဖမ်းဆီးခေါ်သွားကြောင်း KNU သတင်းထုတ်ပြန်

ဖားအံ နှင့် ဘီးလင်းမြို့နယ်တို့မှ ကလေးသူငယ် (၄)ဦး အပါအဝင် အရပ်သား (၉၂)ဦးကို အာဏာသိမ်းစစ်အုပ်စု၏ တပ်က ဖမ်းဆီးခေါ်သွားကြောင်း KNU သတင်းထုတ်ပြန်

 မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း လေးကေကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီနှင့် BGF-၁၀၁၄ ပူးပေါင်းစခန်းမှ အသက်မပြည့်သေးသည့် ကလေးသူငယ် (၄)ဦး အပါအဝင် ပြည်သူ (၉၂)ဦးကို စခန်းအတွင်း ဖမ်းဆီးထားကြောင်း KNU က မေလ(၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။

ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများမှာ ဖားအံမြို့နယ်အတွင်းမှ (၇၀)ဦးနှင့် ဘီးလင်းမြို့နယ်မှ (၂၂)ဦးဖြစ်ကာ အသက် မပြည့်သေးသည့် ကလေးသူငယ် (၄)ဦးပါဝင်ကြောင်း သိရသည်။

"တင်ဝင်း ဦးဆောင်တဲ့ BGF-၁၀၁၄နဲ့ စစ်ကောင်စီပူးပေါင်းတပ်က လေးကေစခန်းကို စစ်ကူလာရင်းနဲ့ လမ်းတစ်လျှောက် တွေ့သမျှ လူတွေကို ပေါ်တာဖမ်းတယ်၊ ကျောက်ဖျာရွာက အသက်မပြည့်သေးတဲ့ လူငယ်လေး (၄) ယောက် လည်းပါတယ်၊ အားလုံးပေါင်း (၉၂) ယောက်၊ အခုချိန်ထိ သူတို့ပြန်လွှတ်ပေးတာ မရှိသေးဘူး၊ လေးကေ BGF စခန်းထဲမှာ ဖမ်းထားတယ်။" ဟု ကေအဲန်ယူ ဘီးလင်းမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များမှ ၎င်းတို့၏ လုံခြုံရေးအတွက် ပြည်သူကို အကာအကွယ်ယူ၍ စစ်ရေးအရ အသုံးချနေခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

မေလ (၈)ရက်က KNDO ပူးပေါင်းတပ်များနှင့် စစ်ကောင်စီ- BGF ပူးပေါင်းတပ်တို့ လေးကေကျေးရွာအနီး ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် BGF ဖက်က (၄)ဦးသေ၊ (၁)ဦးဒဏ်ရာရကာ KNDO ပူးပေါင်းတပ်မှ (၁) ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

လေးကေစခန်းရှိ စစ်ကောင်စီ BGF တပ်ဖွဲ့များသည် လေးကေကျေးရွာအတွင်း လူနေအိမ်များ၊ ဈေးဆိုင်များမှ စားသောက်ကုန်များနှင့် အခြားပစ္စည်းများကို ခိုးယူမှုများရှိနေပြီး မေလ(၁၀)ရက်နေ့ကလည်း ဝင်းတာပန်စခန်းရှိ စစ်ကောင်စီ-BGF တပ်ဖွဲ့များမှ ဝင်းတာပန်ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဆန်အိတ် ၂၀ ခိုးယူသွားကြကြောင်း သိရသည်။

ဘီးလင်းမြို့နယ်အတွင်း စစ်ကောင်စီ-BGFတပ်ဖွဲ့များနှင့် KNU တပ်ဖွဲ့များအကြား စစ်ရေးတင်းမာနေမှုများကြောင့် ဒေသခံပြည်သူ(၁၀,၀၀၀)ကျော် နေအိမ်များကိုစွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြသည်။

#TachileikNewsAgency