ဟင်းသီးဟင်းရွက်များအကြား ပုန်းအောင်းလိုက်ပါရသည့် မြန်မာလုပ်သား(၁၄)ဦး မဲဆောက်တွင် ဖမ်းဆီးခံရ

Photo: แม่สอด มีเดีย
Photo: แม่สอด มีเดีย
ဟင်းသီးဟင်းရွက်များအကြား ပုန်းအောင်းလိုက်ပါရသည့် မြန်မာလုပ်သား(၁၄)ဦး မဲဆောက်တွင် ဖမ်းဆီးခံရ
ဖေဖော်ဝါရီ 27, 2022 | နိုင်ငံတကာသတင်း

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဟင်းသီးဟင်းရွက်များအကြား ဝှက်၍ သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား (၁၄)ဦး ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် ဖမ်းဆီးခံရပြီး ၎င်းတို့သည် တရားမဝင် ဝင်ရောက်ကာ အလုပ် လုပ်ကိုင်ရန်အတွက် လာကြသူများဖြစ်သည်ဟု သိရသည်။

အသီးအရွက်များအကြား ဝှက်၍ တင်ဆောင်လာသည့် မြန်မာနိုင်ငံသား အမျိုးသား(၈)ဦး နှင့် အမျိုးသမီး(၆)ဦး စုစုပေါင်း (၁၄)ဦး အပြင် အသက်(၅၀)အရွယ် ယာဉ်မောင်းအပါအဝင် (၁၅)ဦးကို Covid-19 စစ်ဆေးပြီး   မဲဆောက်မြို့အရှေ့ဖက်ရှိ ဖဝေါရဲစခန်းတွင်  အမှုဖွင့်ထားသည်ဟု သိရသည်။

ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ယခုလို ဖမ်းဆီးရရှိမှုများနှင့် ပတ်သက်ပြီး ငွေကြေးရယူသည့် ပွဲစားများကို ဖော်ထုတ်ဖမ်းမိရေးအတွက် စစ်ဆေးနေကြောင်းလည်း သိရသည်။

ဖေဖော်ဝါရီလ(၂၆)ရက်နေ့ ကလည်း မဲဆောက်နယ်စပ်တွင် မြန်မာနိုင်ငံသား အမျိုးသား (၂၈)ဦး နှင့် အမျိုးသမီး(၁၂)ဦး စုစုပေါင်း (၄၀)ဦးကို ဖမ်းမိ၍ မဲဆောက်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။  

Covid-19 ကာလအတွင်း မြန်မာ - ထိုင်း နယ်စပ်ရှိ ချစ်ကြည်ရေး အမှတ်(၂)တံတားကနေ နေရပ်ပြန်လာကြသည့် မြန်မာလုပ်သားများသည် အလုပ်အကိုင် ပြန်လည် လုပ်ကိုင်ရန်အတွက် ချစ်ကြည်ရေး အမှတ်(၂)တံတားကနေ ပြန်ဝင်ခွင့်မရတော့သည့်အတွက် တရားမဝင် လမ်းကြောင်းကနေ သွားရောက်ရာမှ ယခုလို ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများကို ထိုင်းဘက်က အရေးယူပြီးနောက် အများအားဖြင့် တာချီလိတ် - မယ်ဆိုင် နယ်စပ်ပေါက် နှင့် မြဝတီ  - မဲဆောက် နယ်စပ်ပေါက်များကနေ ပြန်လည် ပို့ဆောင်လေ့ရှိကြသည်။