ပီရူးနိုင်ငံတွင် လွှတ်တော်ဖျက်သိမ်းရန် ကြိုးပမ်းသည့် သမ္မတကို ဖြုတ်ချ ဖမ်းဆီးပြီး ပထမဆုံး အမျိုးသမီး သမ္မတ တက်လာ

 ပီရူးနိုင်ငံတွင် လွှတ်တော်ဖျက်သိမ်းရန် ကြိုးပမ်းသည့် သမ္မတကို ဖြုတ်ချ ဖမ်းဆီးပြီး ပထမဆုံး အမျိုးသမီး သမ္မတ တက်လာ
ဒီဇင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

 ပီရူးနိုင်ငံတွင် တစ်ရက်ကြာ နိုင်ငံရေးအားပြိုင်မှု ဖြစ်ပေါ်နေခဲ့ပြီးနောက် ကွန်ဂရက်လွှတ်တော်ကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သည့် လက်ဝဲဝါဒီသမ္မတ Pedro Castillo မှာ အမတ်များ၏ မဲခွဲဆုံးဖြတ်မှုဖြင့် ရာထူးမှ ဖယ်ရှားခံရပြီး အဖမ်းခံခဲ့ရသည်။ 

ထို့နောက် ပီရူးလွှတ်တော်က နိုင်ငံ၏ သမ္မတသစ်အဖြစ် ဒုတိယသမ္မတ Dina Boluarte ကို ဒီဇင်ဘာလ (၇) ရက်နေ့တွင် ခန့်အပ်လိုက်ကြောင်း သိရသည်။

Castillo က သမ္မတအမိန်ဒီကရီဖြင့် လွှတ်တော်ကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သော်လည်း လွှတ်တော်အမတ်များက ယခင် စီစဥ်ထားသည့်အတိုင်း ၎င်းကို ရာထူးမှ ဖယ်ရှားရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ (၁၀၁) မဲ၊ ကန့်ကွက်မဲ (၆) မဲ ရလဒ်ထွက်ပေါ်ခဲ့ပြီး မဲမပေးသည့် အမတ် (၁၀) ဦးရှိခဲ့သည်။ 

လွှတ်တော်မဲခွဲမှုရလဒ်ကို အမတ်များက ကျယ်လောင်စွာ အော်ဟစ်အောင်ပွဲခံခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် လွှတ်တော်က အသက် (၆၀) နှစ်အရွယ် ဒုသမ္မတ Boluarte ကို ၂၀၂၆ ခုနှစ်အထိ သမ္မတအဖြစ် ခန့်အပ်လိုက်သည်။ 

Boluarte မှာ ပီရူးနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

လနှင့်ချီကြာ မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခဲ့ပြီးနောက် နိုင်ငံရေးပြေလည်မှုရှိကြရန် သမ္မတသစ် Boluarte က တောင်းဆိုခဲ့သည်။ 

နိုင်ငံရေးအရ ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းသွားမည်ဟုလည်း သူမက ဆိုသည်။

ရာထူးမှ ဖယ်ရှားခံရပြီးနောက် ဖမ်းဆီးခံရသည့် Catillo က ကွန်ဂရက်လွှတ်တော်ကို ဖျက်သိမ်းရန် ကြိုးပမ်းမှုမှာ အာဏာသိမ်းရန် ကြိုးပမ်းမှုဖြစ်ကြောင်း သမ္မတသစ် Boluarte က ဝေဖန်ရှုတ်ချလိုက်သည်။ 

ပြည်သူ့ရေးရာဝန်ကြီးဌာနက ဒီဇင်ဘာလ (၇) ရက် ညနေပိုင်းတွင် ပြောကြားမှုအရ ရာထူးမှ ဖယ်ရှားခံရသည့် သမ္မတဟောင်း Castillo ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ပုန်ကုန်မှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ရန်ကြံစည်မှု ရာဇဝတ်မှုများဖြင့် စွပ်စွဲထားကြောင်း သိရသည်။

ရုပ်မြင်သံကြားသတင်းထုတ်လွှင့်မှုအရ ရဲစခန်းတစ်ခုမှ ထွက်လာသည့် Castillo ကို တွေ့ရပြီး ၎င်းအား ရဲအချုပ်ထောင်တွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။ 

Castillo က ကွန်ဂရက်လွှတ်တော်ကို ယာယီရပ်နားထားမည်ဖြစ်ပြီး အရေးပေါ်အခြေအနေ အစိုးရတစ်ရပ်ဖွဲ့စည်းကာ လွှတ်တော်ရွေးကောက်ပွဲအသစ်များ ကျင်းပသွားမည်ဟု အစောပိုင်းတွင် ပြောခဲ့သည်။ 

သို့သော် လွှတ်တော်အမတ်များက ၎င်းကို မဲခွဲဆုံးဖြတ်မှုဖြင့် ရာထူးမှ ဖယ်ရှားလိုက်ပြီးနောက် ရာဇဝတ်ပြစ်မှုများဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်။

Source: CNN, Reuters

Photo: REUTERS/Sebastian Castaneda,